ရေစကြို၊ ဇွန် ၉၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၄ ရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး သားအဖ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖဆီက သိရပါတယ်။
ပစ်သတ်ခံရသူတွေဟာ အသက် ၅၀ အရွယ်အုပ်ချုပ်ရေးမှူး လွင်မျိုးအောင် (ခ) ငလွင် နဲ့ သားဖြစ်သူ အသက် ၂၀ ကျော်အရွယ် ပျူစောထီးရဲမာန်တို့ဖြစ်ပြီး ဇွန်လ ၈ ရက်ည ၁၀ နာရီကျော်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူ့အိမ်ကို ဝင်ပြီးဖမ်းတာ။ ဖမ်းတဲ့အချိန်မှာ အသာတကြည်အဖမ်းမခံဘဲ ထွက်ပြေးတာ။ အဲ့တော့ နေရာမှာတင် တခါတည်းရှင်းခဲ့လိုက်တာ။ သူတို့အိမ်က လမ်းဘေး။ ညသွားဖမ်းရတာဆိုတော့ သူတို့လည်းအလန့်တကြားထွက်ပြေးတာ။ ဒါပေမယ့်မလွတ်ပါဘူး။ လမ်းပေါ်မှာတင် ၁ ယောက် ၂ ချက်ပစ်ခဲ့တယ်”လို့ ရေစကြိုမြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးသားအဖမှာ နေရာတင်သေဆုံးပြီး သူတို့ဆီကနေ ဖုန်း ၂ လုံးကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး လွင်မျိုးအောင် (ခ) ငလွင်ဟာ အမှတ် ၄ ရပ်ကွက်နဲ့ အမှတ် ၆ ရပ်ကွက်တွေအတွင်း စစ်ကော်မရှင်တွေအတွက် စစ်မှုထမ်းပေါ်တာဆွဲရာမှာပါဝင်တာ၊ ငွေကြေးတောင်းယူတာတွေ လုပ်တဲ့အပြင် သားဖြစ်သူမှာလည်း ပြည်သူစစ်သင်တန်းဆင်း လက်နက်ကိုင်ပျူစောထီး ၁ ဦးဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့တွေနဲ့အတူ ဒေသခံတွေအပေါ် အုပ်စုဖွဲ့အနိုင်ကျင့်တာကြောင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်အဖွဲ့တွေက လာရောက်စစ်ဆေးပြီးအလောင်းတွေကို ကောက်ယူသွားတယ်လို့ ဆိုပါတယ်။
ဧပြီ ၃၀ ရက်ကလည်း ရေစကြိုမြို့နယ်၊ တောင်အိုကျေးရွာ ပခုက္ကူ-ရေစကြိုလမ်းပေါ်မှာ စစ်ကော်မရှင်အဖွဲ့တွေ ကြားဖြတ်တိုက်ခံရပြီး ၇ ဦးသေဆုံးကာ ပစ်ခတ်မှုအတွင်း ပြည်သူ ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း




