မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။
မန္တလေး စင်္ကြာမြောက်ဗလီ ငလျင်ကြောင့်ပြိုကျရာတွင် သေဆုံးသူများအား သယ်ယူနေသည့်မြင်ကွင်း
မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။
စစ်ကိုင်းမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပအဖ၊ ပကဖ နဲ့ ပလဖတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း စစ်ကိုင်းတံတား ၂ စင်းလုံး အသုံးပြုမရတော့တာကြောင့် သွားလာရခက်ခဲနေပြီး စစ်ကိုင်းမြို့နယ်မှာ ဒီကနေ့မနက်ပိုင်းအထိ လူမှုကူညီရေးအသင်းအဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်ရှိမလာသေးဘူးလို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
ဓာတ်ပုံ – NUG
မြေလတ်အသံ၊ မတ် ၂၉၊ ၂၀၂၅။
ငလျင်ဒဏ်ပြင်းထန်ခဲ့တဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီလက်အောက် စစ်ဘက်ဆိုင်ရာအဆောက်အဦနဲ့ ဝန်ကြီးဌာနရုံးအဆောက်အဦတွေပါ ပြိုကျပျက်စီးခဲ့ပြီး ပြိုကျမှုဖြစ်ပွားခဲ့တဲ့အထဲ ပျဥ်းမနားမြို့ အခြေစိုက် ခလရ ၈၅ တပ်ရင်းက အဆောက်အဦတချို့လည်း ပါဝင်ခဲ့ပါတယ်။
ခလရ ၈၅ တပ်ရင်းအတွင်းက တိုင်းအောင်ခန်းမအပါအဝင် လူနေလိုင်းခန်းတချို့ ပြိုကျပျက်စီးခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်တွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ နေပြည်တော်တပ်အသိုင်းအဝိုင်းထံက သိရပေမယ့် သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ မသိရပါဘူး။
ခလရ ၈၅ တပ်ဟာ နေပြည်တော်တိုင်းလက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး စစ်ရုံးချုပ်နဲ့ နေပြည်တော်လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ တပ်ရင်းလည်းဖြစ်ပါတယ်။
ခလရ ၈၅ အပြင် နေပြည်တော်စစ်ရုံးချုပ်၊ တိုင်းစစ်ဌာနချုပ်နဲ့ လယ်ဝေးမြို့ရှိ စကခ ၆၊ တပ်ကုန်းမြို့ရှိ ကပစတပ်တွေက အဆောက်အဦတချို့လည်း ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့တယ်လို့လည်း နေပြည်တော်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။
ယမန်နေ့မွန်းလွဲပိုင်းက အင်းအားပြင်းငလျင်ကြီး (Major Earthquake ) စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် ဒေသ ၆ ခုက မြို့နယ်တွေမှာ အဆောက်အဦပြိုကျကာ လူထိခိုက်သေဆုံးမှုများပြားခဲ့ပါတယ်။
ပုံစာ – ခလရ ၈၅ တပ်ရင်း တိုင်းအောင်ခန်းမ။( ဓာတ်ပုံ – ပေးပို့)
ပေါက်ခေါင်း၊ မတ် ၂၈၊ ၂၀၂၅။
ငလျင်ကြောင့် ပဲခူးတိုင်း၊ ပြည်မြို့၊ ပေါက်ခေါင်းမြို့၊ တောင်ငူမြို့နဲ့ မန္တလေးတိုင်း၊ အင်းဝမြို့ရှိ ရှေးဟောင်းသာသနိကအဆောက်အအုံတွေ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ပါတယ်။
မန္တလေးတိုင်း၊ အင်းဝမြို့ရှိ မယ်နုအုတ်ကျောင်း၊ လေးထပ်ကျောင်းနဲ့ အင်းဝဆင်ကျုံး မဟာလောကသရဖူဘုရား အပါအဝင် အင်းဝမြို့က သာသနိအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် မဟာမြတ်မုနိဘုရားရှိ သာသနိကအဆောက်အအုံတချို့လည်း ပြိုကျပျက်စီးခဲ့ပါတယ်။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့ရှိ လေးမျက်နှာစေတီ တံခွန်တိုင်ပြိုကျပြီး စွယ်တော်တိုက်အမိုးနဲ့ ကြမ်းခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
“လမ်းသွားတဲ့အခါမှာ အိမ်တလုံးပြိုကျတာမြင်ခဲ့တယ်။ မြို့လယ်ဘုရားကြီးက တံခွန်တိုင်လည်း ပြိုကျသွားတယ်။ လူအထိအခိုက်တော့မရှိဘူး။ မကြားမိဘူး”လို့ ဒေသခံတဦးကပြောပါတယ်။
အလားတူ ပြည်မြို့ပေါ်ရှိ ရွှေကူရပ်ကွက်၊ ပန်းဘဲတန်းစာသင်ကျောင်းရဲ့ အုတ်နံရံတွေနဲ့ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းကျောင်းတိုက်လည်း ပြိုကျခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တောင်ငူမြို့က ဝေဠုဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်တခုလည်းပြိုကျပြီး ဘုန်းကြီးကျောင်းတွင်းရှိ စစ်ဘေးရှောင် ၅ ဦးနဲ့ ကိုရင် ၁ ပါးလည်း ပိမိပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ နေပြည်တော်၊ မန္တလေး၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တို့အပါအဝင် နိုင်ငံတဝန်းမှာ မတ် ၂၈ ရက်မွန်းလွဲ ၁၂ နာရီကျော်က ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်ချိန် သာသနိကအဆောက်အအုံတွေ၊ ရှေးဟောင်းကျောင်းတိုက်၊ အဆောက်အဦတွေ၊ နေအိမ်တွေ၊ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုတွေရှိခဲ့တာပါ။
လက်ရှိမှာတော့ ငလျင်ဒဏ်ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေထဲက စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေး နဲ့ ရှမ်းပြည်နယ်အရှေ့ခြမ်းတို့ကို စစ်ကောင်စီကအရေးပေါ် အခြေအနေကြေညာထားပါတယ်။
ပြည်၊ မတ် ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းကျောင်းတိုက် ငလျင် ကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့ ပြည်မြို့ခံတွေဆီကသိရပါတယ်။
မတ်လ ၂၈ ရက်ဒီနေ့လယ် ၁ နာရီခန့်မှ လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ရှေးဟောင်းကျောင်းတိုက်ကျောင်းကြီးရဲ့အနောက်ဘက်ခြမ်းပြိုကျခဲ့တာဖြစ်ပြီး လူထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ပြည်မြို့ခံတဦးကပြောပါတယ်။
■ တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်အဆောက်အဦတချို့လည်း ပြိုကျဟုဆို
မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ် မြေမှာ ကုတင် ၁၀၀၀ ဆေးရုံဝန်ကြီးဌာနအဆောက်အဦတချို့အပါအဝင် နေရာအများ အပြား အပျက်အစီးများခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါ တယ်။
ဇမ္မူသီရိမြို့နယ်ရှိ ကုတင် ၁၀၀၀ ဆေးရုံ၊ စွမ်းအင်နဲ့နိုင်ငံခြားရေးဌာနတွေအပါ ဝန်ကြီးဌာနရုံး တချို့၊ ဝန်ထမ်းအိမ်ယာ၊ Ocean ကုန်တိုက်စတဲ့ အဆောက်အဦတွေအပြင် နေပြည်တော် အတွင်း လမ်းတွေမှာလည်း ကွဲအက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
“ (ဆေးရုံ) မျက်နှာကျက်တွေပြိုကျပြီး လူထိခိုက်တာတွေရှိတယ်။ နေပြည်တော်မှာ ထိခိုက် သေဆုံးများတယ်” လို့ နေပြည်တော်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ တဦးက မြေလတ်အသံကို ပြောပါတယ်။
ငလျင်ကြောင့် နေပြည်တော်အတွင်းလမ်းပိုင်းတွေမှာ ထိခိုက်ပျက်စီးမှုတွေများတာကြောင့် ကား လမ်းတချို့ ပိတ်နေကာ သွားလာရခက်ခဲနေတယ်လို့ ဆိုပါတယ်။
နေပြည်တော်မြို့ခံတဦးက “ နေပြည်တော် ကားလမ်းတွေပိတ်နေတယ်။ အစိုးရရုံးခန်းတွေ ထိတယ်။ (ငလျင်လှုပ်တဲ့အချိန်) ကားလမ်းပေါ်မှာ ကားတွေလူးပြီးမောင်းမရဖြစ်တယ်။ ဆိုင်ကယ်တွေမောင်းနေရင်း လဲ ကျကြတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရုံးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ခလရ ၈၅ တပ်ရင်းတွေမှာ အဆောက် အဦပြိုကျမှုတွေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော် က တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ၎င်းရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာလည်း နေပြည်တော် အတွင်း ဝန်ထမ်းအိမ်ယာပျက်စီးမှုတွေမှာ ပိတ်မိနေသူတွေရှိ အကူအညီတောင်းခံနေကြတယ်လို့ ဖော်ပြကြပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်တွေကို တော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုံစာ – နေပြည်တော် MOGE ရုံး
မြေလတ်အသံ၊ မတ် ၂၈ ၊ ၂၀၂၅ ။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါက်ခေါင်းမြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းအမြန်လမ်းပိုင်း( ပဲခူးရိုးဖြတ်လမ်း)မှာ စစ်ကောင်စီတပ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက မတ် ၂၇ ရက် မနေ့ကထုတ်ပြန်ပါတယ်။
မတ် ၂၅ ရက် ည ၁၀ နာရီ မိနစ် ၂၀ ခန့်က အဆိုပါလမ်းပိုင်းအတိုင်းမောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ကား ၂ စီးကို ဘော်ဒါကျေးရွာနဲ့ ပေါ်လံကြီးကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့်အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ကား ၁ စီးဟာ ကားလမ်းဘေး ချောက်ထဲကို ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
” ရွှေတောင် ကုတင် ၁၀၀ ဆေးရုံမပို့ခင် တောင်လည်ဆေးရုံက ဆရာဝန်နှင့် အရေးပေါ် ဆေးကုသပြီး ဖောကား ၁ စီး၊ လိုက်ထရပ် ၁ စီးဖြင့် သေဆုံး/ဒဏ်ရာရလူနာများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ တင်ဆောင်သွားကြောင်း သတင်းရရှိတယ်။”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ကား ၂ စီးပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံး၊ဒဏ်ရာရသူတွေကို နောက်ထပ်ကားတွေနဲ့ ပြည်နဲ့ရွှေတောင်မြို့အကြားရှိ အမှတ် ၁၆ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုအခြေအနေအသေးစိတ်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ ၂၁ ၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ၊ တပ်ခွဲ ၃ တို့က ပူးပေါင်း ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် မတ် ၂၆ ရက် မနက် ၁ နာရီ ၁၀ မိနစ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၂၇ မိုင်အနီး မင်းရဲ ရဲစခန်းနဲ့ ၁၂၄ မိုင်အနီး နတ်ရေတွင်းရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ တိုင်းစစ်ဌာန (ပဲခူး)၊ဗျူဟာ ၂၂ ၊ အမှတ် ၃၈၀၁ တပ်ရင်းနဲ့ အမှတ် ၃၇၀၁ တပ်ရင်းတွေက တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသအမှတ်၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါအမြန်လမ်းပေါ်ကစခန်းတွေ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၄ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြေလတ်အသံ၊ မတ် ၂၇၊ ၂၀၂၅။
PDF တွေနဲ့ EAO တချို့ လက်နက်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
မတ် ၂၇ ရက် ဒီကနေ့ ညနေပိုင်းမှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ နှစ် ၈၀ ပြည့် တပ်မတော်နေ့မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေကတဆင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးလမ်းကြောင်းနဲ့သာဖြေရှင်းနိုင်မှာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်းကြိုဆိုလမ်းဖွင့်ထားကြောင်း ထပ်မံအသိပေးတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ဒါ့အပြင် လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး ဦးတည်ထားပြီး ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း ပြန်လည်ကျင်းပပေးဖို့ လုပ်ဆောင်နေပြီးဒေသအလိုက် လုံခြုံရေးအပေါ်မူတည်ကာ ရွေးကောက်ပွဲကို ကျင်းပသွားမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့နှစ် ၈၀ ပြည့် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းမှာ ပြုလုပ်ခဲ့ပြီး အင်အား ၇,၀၀၀ ကျော်နဲ့ စစ်ရေးပြခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။