မြေလတ်အသံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။
ကာတွန်း – တွမ်တည်ဝမ်း
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၄။
မြေလတ်အသံသတင်းဌာနမှ အမျိုးသမီးသတင်းထောက်တဦးနှင့် Transgender တဦးကို အမျိုးသားတဦးက ရုန့်ရင်းကြမ်းတမ်းစွာဆဲဆို ထိုးကြိတ်ခဲ့မှုနှင့်ပတ်သက်၍ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့အစည်းများ၊ Myanmar Journalists Club (MJC) နှင့် Myanmar Women in Media (MWiM) တို့က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
အဖွဲ့အစည်းများ၏ အထက်ပါ ရပ်တည်ထုတ်ပြန်ချက်များအပေါ် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက အထူး အလေးအနက်တန်ဖိုးထားကြောင်း ပြောကြားလိုပါသည်။
အကြောင်းမှာ ယခုဖြစ်ပွားခဲ့သည့်ကိစ္စရပ်သည် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနတခုတည်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်ဟု မမှတ်ယူဘဲ မြန်မာသတင်းမီဒီယာလောကတခုလုံးနှင့် မြန်မာအမျိုးသမီးတရပ်လုံး၏ အရေးဟု ကျွန်ုပ်တို့က မှတ်ယူသည်။
သတင်းသမားတဦးနှောင့်ယှက်စော်ကားခံမှုအပေါ် ယခုအကြိမ် နှုတ်ဆိတ်နေမည်ဆိုလျှင် မြေပြင်ရှိ သတင်းသမားများ၏ လုံခြုံရေးနှင့် တော်လှန်ရေးကာလ သတင်းစာလွတ်လပ်ခွင့်အတွက် အထူးစိုးရိမ်ဖွယ်ရာ ရှိသည်။
အညာဒေသ၌ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားမှုများရှိနေသည့်တိုင် ထုတ်ဖော်မပြောရဲသည့် အခြေအနေများရှိသည်။ ယခုလို ရဲဝံ့စွာထုတ်ဖော်ပြောကြားလာချိန်၌လည်း ကာကွယ်ရပ်တည်ခြင်း မပြုနိုင်ပါက တာဝန်မဲ့ရာ ကျမည်ဟု ကျွန်ုပ်တို့က မှတ်ယူသည်။
အရာတော်မြို့နယ်တွင်း အမျိုးသမီးသတင်းထောက်တဦးနှင့် Transgender တဦးကို ထိုးကြိတ်စော်ကားခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ သက်ဆိုင်ရာဝန်ကြီးဌာန၏ အရေးတယူဆောင်ရွက်ပေးမှုကိုလည်း အသိအမှတ်ပြုတန်ဖိုးထားသလို တခြားသော မတရားမှုများနှင့် အမျိုးသမီးများ နိုင့်ထက်စီးနင်းပြုကျင့်ခံရမှုများအတွက်လည်း အမှန်တရားဘက်မှ ဆက်လက်ရပ်တည်ပေးသွားရန် ကျွန်ုပ်တို့က တောင်းဆိုသည်။
နိဂုံးချုပ်အားဖြင့် သတင်းသမားနှင့် အမျိုးသမီးများ ဖိနှိပ်စော်ကားခံရမှု အမှန်တရားပေါ်ပေါက်ရေး၊ ကျူးလွန်သူကို ထိုက်သင့်သည့်ပြစ်ဒဏ်ပေးနိုင်ရေးအတွက် ဆက်လက်ရပ်တည်ပြီး မြန်မာပြည်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် အမျိုးသမီးများအား ဆက်လက် ကာကွယ်ပေးကြရန် ကျွန်ုပ်တို့မြေလတ်အသံ သတင်းဌာနက အလေးအနက် တိုက်တွန်းပြောကြားလိုပါသည်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၇၊ ၂၀၂၄။
မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ် ဖြစ်ပါတယ်။
မြေလတ်ပေးစာအစီအစဉ်မှာ စာတွေပေးပို့ချင်ရင်တော့ မြေလတ်အသံရဲ့ Facebook Messenger နဲ့ Telegram – @MLATpaysar မှာ ရေးသားပေးပို့နိုင်ပါတယ်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၄။
ကျွန်ုပ်တို့ မြေလတ်အသံ သတင်းဌာန၌ သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ Transgender အမျိုးသမီးတဦးအား ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီအချိန်၌ ဝင်းကျော်ဆိုသည့် အမျိုးသားက ကိုယ်ထိလက်ရောက် တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်၌ မငြိမ်းချမ်းမေသည် အင်တာနက်ဆိုင်အတွင်း အင်တာနက် အသုံးပြုကာ အလုပ် တာဝန်ထမ်းဆောင်နေသည့်အချိန် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာန၌လည်း သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခဲ့သည့် အမျိုးသားက သိရှိထားပြီးဖြစ်သည်။
ယင်းအခြေအနေတွင် အဆိုပါအမျိုးသားက သတင်းထောက်ငြိမ်းချမ်းမေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် ငြိမ်းချမ်းမေ၏ သတင်းထောက်အလုပ်နှင့် အလုပ်လုပ်နေသည့် သတင်းဌာနကိုပါစော်ကားပြောဆိုမှုများလုပ်ခဲ့သည်။
ထို့အပြင် ငြိမ်းချမ်းမေ၏ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီးတဦး) ကိုလည်း နှုတ်အားဖြင့်စော်ကားပြောဆိုပြီးနောက် မျက်နှာကို ကိုယ်ထိလက်ရောက် ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်။
အခင်းဖြစ်ပွားသည့်အချိန်တွင် အင်တာနက်ဆိုင်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များနှင့် အရာရှိတချို့လည်း ရှိနေပြီး ၎င်းတို့မှ ဖြစ်စဥ်အပေါ် တစုံတရာ ကြားဝင်ဖြန်ဖြေတားမြစ်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အမျိုးသမီးသတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း လိင်ပိုင်းဆိုင်ရာ တိုင်းထွာဆဲဆိုခြင်းအပြင် ကိုယ်ထိလက်ရောက် အကြမ်းဖက်ရိုက်နှက်ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ဤသို့ပြုမူခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် အမျိုးသမီးများအပေါ် နိုင့်ထက်ပြုမူစော်ကားခြင်းအဖြစ် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက ရှုမြင်ရှုတ်ချသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDF တပ်ရင်းနှင့် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များအနေဖြင့်လည်း အမျိုးသမီးသတင်းထောက် အပါအဝင် အမျိုးသမီး ၂ ဦး ကိုယ်ထိလက်ရောက်စော်ကားမှုခံရခြင်းအပေါ် တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့ မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံတိုက်တွန်းအပ်သည်။
ထို့အပြင် အမျိုးသမီးများအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ ဝင်းကျော်သည် အရာတော်မြို့နယ်အတွင်း စီးပွားရေးလုပ်ကိုင်နေသကဲ့သို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်လည်း နီးစပ်သူဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် ကျွန်ုပ်တို့၏သတင်းထောက် ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner ဖြစ်သူ၏ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်မိသည်။
သို့ဖြစ်၍ NUG လက်အောက်ခံ အရာတော်မြို့နယ် ပကဖ၊ ပအဖ၊ ပလဖနှင့် PDF တပ်ရင်းများအနေဖြင့် သတင်းထောက်ငြိမ်းချမ်းမေနှင့် ၎င်း၏ Partner တို့ လုံခြုံမှုရရှိစေရေးအား ကူညီဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာနက မေတ္တာရပ်ခံ တိုက်တွန်းအပ်သည်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၄။
ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲကို ယနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းက အဆင့် ၅ နေရာမှာ ယာယီရပ်တည်နေပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားကာ ချန်ပီယံလမ်းကြောင်းပေါ်ကနေ တဖြည်းဖြည်း ဝေးကွာလာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်နဲ့ နောက်တန်းက အဓိက ကစားသမားတွေ ဒဏ်ရာရနေသလို ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ပွဲမှာရခဲ့တဲ့ အနီကတ်ကြောင့် ကွင်းလယ်လူငယ်ကစားသမား ရီကို လူးဝစ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားခဲ့လို့ နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်ပြီး စပို့တင်းက လူငယ်နည်းပြ ရူဘင်အမိုရင် ကို ခန့်အပ်ခဲ့ပေမယ့် မြင်သာတဲ့အပြောင်းအလဲမျိုး မစွမ်းဆောင်နိုင်သေးသလို ခြေစွမ်းမတည်ငြိမ်ဘဲ ဆက်လက်ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ၁၃ က ယူနိုက်တက်တို့ကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရထားတာဖြစ်ပါတယ်။
ဂွာဒီယိုလာ မန်စီးတီးကိုကိုင်တွယ်ခဲ့တဲ့ ၈ ရာသီမှာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်ရယူထားပြီး နောက်ဆုံး ၄ နှစ်ဆက်တိုက် ဖလားယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေတယ်ဆိုပေမယ့် လက်ရှိ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၉ မှတ်ပဲ ကွာဟနေတာဖြစ်လို့ ချန်ပီယံဆုအတွက် မျှော်လင့်လို့ရနိုင်သေးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဒီနေ့ည မန်ချက်စတာဒါဘီမှာ စီးတီးတို့ အနိုင်ရခဲ့ရင် ချန်ပီယံပြေးလမ်းပေါ် ပြန်တက်လှမ်းနိုင်ဖို့ မျှော်လင့်နိုင်သလို အသင်းရဲ့ စိတ်ဓါတ်ပိုင်းလည်း ပြန်လည်တိုးတက်ကောင်းမွန်လာနိုင်မယ့် အခြေအနေရရှိသွားမှာပါ။
တစ်ဖက်မှာလည်း ယူနိုက်တက်ကို ပြိုင်ပွဲစုံ ၆ ပွဲသာ ကိုင်တွယ်ရသေးတဲ့ နည်းပြသစ် အမိုရင် ဟာ ယူနိုက်တက်ကို မပြောင်းခင် စပို့တင်းနည်းပြအဖြစ်နဲ့ မန်စီးတီးကိုယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တာကြောင့် လက်ရှိယူနိုက်တက်အသင်းနဲ့လည်း အလားတူစွမ်းဆောင်ရည်မျိုး ဖော်ဆောင်သွားမလား စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အခုချိန်အထိ ပထမဦးစားပေးကစားသမား အတိအကျမရှိသေးဘဲ လူထုတ်ပုံ မတည်ငြိမ်သေးသလို ကစားကွက် မတည်ငြိမ်သေးတဲ့ အမိုရင်အတွက် ဒီပွဲက ခက်ခဲတဲ့ပွဲတခုတော့ ဖြစ်လာနိုင်ပါသေးတယ်။ ရလဒ်ဆိုးတွေကြောင့် နည်းပြသစ်ခန့်အပ်ခဲ့ပေမယ့် ပုံစံကောင်းမပြနိုင်သေးတဲ့ ယူနိုက်တက်တို့အတွက် ဒါဘီနိုင်ပွဲသာ ယူဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်းရဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေကို ဆက်လက်မြင်တွေ့သွားဖို့ မျှော်လင့်ချက်ကောင်း ပိုင်ဆိုင်နိုင်မှာလည်း ဖြစ်ပါတယ်။
နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီ ၅ ပွဲမှာ မန်စီးတီးက ၄ ပွဲနိုင်ထားပြီး ယူနိုက်တက်က ၁ ပွဲသာ အနိုင်ရယူထားခဲ့သလို မန်စီးတီးအိမ်ကွင်း အီတီဟက်မှာ ယူနိုက်တက်တို့ နောက်ဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရယူထားခဲ့တာ ၂၀၁၉ ဒီဇင်ဘာ ၇ ရက်က ဖြစ်ပါတယ်။
နှစ်သင်းစလုံးအတွက် အမှတ်ရော ရလဒ်ပါ လိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးက အနိုင်ယူပြီး ချန်ပီယံလမ်းကြောင်းပေါ် ပြန်လာနိုင်မလား၊ အမိုရင်ရဲ့ ယူနိုက်တက်ကပဲ အနိုင်ယူပြီး အီတီဟတ်မှာ အောင်ပွဲရှာပြသွားမလားဆိုတာကိုတော့ စောင့်ကြည့်တော့မှာပါ။
ဒီနေ့ည မန်ချက်စတာဒါဘီပွဲကို မန်ချက်စတာစီးတီး အိမ်ကွင်း အီတီဟက်မှာ ကျင်းပသွားမှာဖြစ်ပြီး ကွင်းလယ်ဒိုင်အဖြစ် အန်တိုနီတေလာက တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ညမှာ ကျင်းပတဲ့ ONE Friday Fights 91 ပြိုင်ပွဲမှာ ဒုခေါင်ပွဲအဖြစ်ထိုးသတ်ခွင့်ရခဲ့တဲ့ မွန်ဖိုက်တာဆွန်ရက်ဟာ ပြိုင်ဘက်ဖြစ်သူ ထိုင်းနိုင်ငံသား ပက်ဝီချစ်ကို အမှတ်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပထမအချီအစမှာပဲ ဆွန်ရက်ဟာ ဘက်ခြေကန်ချက်ကိုစတင်အသုံးပြုခဲ့ပြီး ပက်ဝီချစ်ကလည်း ခြေကန်ချက်နဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ပထမအချီမှာ နှစ်ယောက်စလုံးသတိထားကစားနေကြပြီး ပက်ဝီချစ်ရဲ့ကန်ချက်တွေက ပိုထိရောက်တာကိုတွေ့ရကာ အရပ်နဲ့လက်တံကွာဟချက်က ဆွန်ရက်အတွက် အနည်းငယ်အခက်တွေ့စေခဲ့တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် အနိမ့်ကန်ချက်နဲ့ ဘယ်ညာတွဲလုံးတွေကို အားပြုကစားခဲ့ပြီး ပက်ဝီချစ်ကလည်း တံတောင်ရိုက်ချက်ကိုအသုံးပြုခဲ့တာတွေ့ရပါတယ်။
ဒုတိယအချီမှာတော့ ပက်ဝီချစ်ဟာ ညာခြေကန်ချက်ကိုအားပြုလာခဲ့ပြီး ဆွန်ရက်ကိုအနားကပ်မခံဖို့ကြိုးစားခဲ့ပါတယ်။ ဆွန်ရက်က အခွင့်ကောင်းစောင့်ရင်း အနိမ့်ကန်ချက်နဲ့ ဘယ်ညာတွဲလုံးကိုပဲ ထိရောက်အောင် အသုံးပြုသွားတာကြောင့် ပက်ဝီချစ်ဒေါသထွက်ပြီး ရှေ့တိုးလာချိန် ပက်ဝီချစ်ရဲ့ခါးလည်ကိုဖြတ်ကန်တာနဲ့ လူချင်းပူးလာရင် တံတောင်ရိုက်တာကိုပါ သေချာအသုံးပြုသွားပါတယ်။
တတိယအချီမှာတော့ နှစ်ယောက်စလုံးကပွဲကိုဖြတ်ဖို့ကြိုးစားလာကြပြီး ဆိုင်ထိုးပြိုင်ထိုးလုပ်လာကြကာ ဆွန်ရက်က အမြင့်ကန်ချက်တွေကိုပါအသုံးပြုလာပါတယ်။ ဆွန်ရက်ရဲ့ဘယ်လက်သီးချက်တွေက ထိရောက်ခဲ့ပြီး ပက်ဝီချစ်ကတော့ အတင်းဖိထိုးရင်း လက်သီးချက်တွေအလေအလွင့်များတာကြောင့် တံတောင်ရိုက်ချက်ကိုတွဲသုံးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆွန်ရက်ရဲ့ ဘယ်ညာတွဲလုံးတွေ ဆက်တိုက်ထိသွားတာကြောင့် ပြိုင်ပွဲအပြီးမှာတော့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ ပက်ဝီချစ်ဟာ ရှုံးနိမ့်သွားပါတယ်။
ဆွန်ရက်ဟာ ဒီပွဲနိုင်လိုက်တာကြောင့် ထိုင်းဖိုက်တာတွေကို ဆက်တိုက်ရှုံးထားတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သလို ONE ရဲ့ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုလည်း မျှော်လင့်လို့ရပြီဖြစ်ပါတယ်။
Photo – SS from One Championship Live
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
ဒီဇင်ဘာ ၁၃ ရက်၊ ဒီနေ့ညမှာ ကျင်းပသွားမယ့် One Friday Fights 91 မှာ မွန်ဖိုက်တာဆွန်ရက် ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ၃ ပွဲဆက်နိုင်ထားတဲ့ဆွန်ရက်ဟာ ဒီပွဲမှာတော့ ထိုင်းဖိုက်တာ ပက်ဝီချစ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားရမှာဖြစ်ပြီး သူတို့ပွဲကို ဒုခေါင်ပွဲအဖြစ်သတ်မှတ်ထားပါတယ်။
ပက်ဝီချစ်ကတော့ အသက် ၂၃ နှစ်အရွယ်ကစားသမားတဦးဖြစ်ပြီး One ရဲ့မှတ်တမ်းတွေအရ ၆ ပွဲထိုး၊ ၃ ပွဲနိုင် ၃ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားကာ နောက်ဆုံးပွဲ ၂ ပွဲဆက် ရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။ သူဟာ ဘယ်ညာလက်သီးတွဲလုံးတွေထွက်သလို ညာလက်သီးထိုးချက်ကိုအားကိုးအသုံးပြုတာတွေ့ရပြီး ဆွန်ရက်ထက် အရပ်နဲ့လက်တံ ပိုရှည်ပါတယ်။ အမြင့်ကန်ချက်တွေ့ရနည်းပြီး လူချင်းပူးကပ်ချိန်မှာ မွေထိုင်းဖိုက်တာတွေရဲ့တံတောင်ရိုက်ချက်မျိုး သူ့မှာသိပ်မတွေ့ရတာတော့ အားနည်းချက်တွေဖြစ်လာနိုင်ပါတယ်။
ဆွန်ရက်ကတော့ ၂၀၂၄ ဟာ သူ့ရဲ့နှစ်လို့ပြောရလောက်အောင် အစွမ်းပြထားနိုင်ပြီး ရလဒ်ကောင်းတွေကြောင့် ဒီပွဲကိုလှလှပပနဲ့နိုင်ခဲ့ရင် ဒေါ်လာ ၁ သိန်းတန်စာချုပ်ကိုမျှော်လင့်ခွင့် ရလာနိုင်ပါတယ်။ ဒါပေမယ့် One ရဲ့မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်အတွင်းက ပြိုင်ပွဲတွေမှာ ထိုင်းဖိုက်တာတွေကို ၄ ပွဲဆက်ရှုံးနိမ့်ထားတာကြောင့် သတိထားကစားသွားဖို့လိုပါမယ်။ ဘယ်ခြေ၊ ဘယ်လက်အားပြုကစားတဲ့ ဆွန်ရက်ဟာ အနိမ့်ကန်ချက်ခပ်ပြင်းပြင်းကိုပိုင်ဆိုင်ထားပြီး အနီးကပ်တံတောင်ရိုက်ချက်တွေကိုလည်း အသုံးချတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ လက်သီးတွဲလုံးနဲ့ ခြေကန်ချက်အထွက်လေးတာကို ပြင်ဆင်လာနိုင်မလား၊ သူ့ထက် အရပ်နဲ့လက်တံအားသာတဲ့ပြိုင်ဘက်ကို ဘယ်လိုထိန်းချုပ်ဖို့ကြိုးစားလာမလဲဆိုတာ ဒီပွဲမှာကြည့်ရပါတော့မယ်။
ဆွန်ရက် ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ONE Friday Fights 91 ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၃ ရက်၊ သောကြာနေ့ ဒီနေ့ ညနေ ၇ နာရီအချိန်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။
Photo – One Lumpinee FC.
မြေလတ်အသံ၊ ဒီဇင်ဘာ ၁၀၊ ၂၀၂၄။
မြေလတ်ဒေသတွင်းက ပြည်သူတွေရဲ့စကားသံတွေကို ကိုယ်စားပြုဖတ်ကြားပေးမယ့် ပေးစာအစီအစဉ်ဖြစ်ပါတယ်။
မြေလတ်ပေးစာအစီအစဉ်မှာ စာတွေပေးပို့ချင်ရင်တော့ မြေလတ်အသံရဲ့ Facebook Messenger နဲ့ Telegram – @MLATpaysar မှာ ရေးသားပေးပို့နိုင်ပါတယ်။
မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၄။
ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာကျင်းပတဲ့ UFC 310 ပြိုင်ပွဲမှာ ဗန်ဟာ ပြိုင်ဘက်ဖြစ်သူ UFC Flyweight အဆင့် ၁၄ ရှိ ကိုဒီဒါဒန်ကို အသာစီးရယူထိုးသတ်ပြီး အမှတ်နဲ့အနိုင်ရသွားပါတယ်။
ဗန်ဟာ လူစားဝင်ကစားသမားအဖြစ် ခဏခဏဝင်ကစားရတာကြောင့် ပွဲကြိုတင်ပြင်ဆင်မှုအားနည်းတာကို ထောက်ပြခံရလေ့ရှိပေမယ့် ဒီနေ့ပွဲမှာ အချိန်ရရင်အိမ်စာကြေညက်ကြောင်း ကောင်းကောင်းပြသသွားနိုင်ပါတယ်။
ပထမအချီအစမှာ ကိုဒီဒါဒန်ဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ဘယ်ထောက် ညာဝိုက်လက်သီးချက်တွေနဲ့ စခဲ့ပြီး အမြင့်ကန်ချက်ကိုလည်း အသုံးချခဲ့ပါတယ်။ ဗန်ဟာ အရင်ပွဲတွေကထက်သတိပိုကပ်လာပြီး ဘယ်ထောက်လက်သီးတွေ ထိရောက်အောင်အသုံးချခဲ့ကာ လက်တံအားသာတဲ့ကိုဒီကတော့ ပွဲစပြီးခဏသာ ဆိုင်ထိုးခဲ့ကာ လူချင်းလုံးပြီးမြေပေါ်လှဲချဖို့ကြိုးစားခဲ့ပေမယ့် ဗန်ဟာ ကောင်းကောင်းတုံ့ပြန်သွားတာကိုတွေ့ရပါတယ်။
ဒုတိယအချီမှာတော့ ဗန်ရဲ့ထောက်လက်သီးတွေ၊ ပင့်လက်သီးတွေ ဆက်တိုက်ထိခဲ့တာကြောင့် ကိုဒီဟာ သူ့ရဲ့ကစားပုံကိုပြောင်းလဲကစားခဲ့ရကာ လူလည်းယိုင်နဲ့သွားတာကို တွေ့ရပါတယ်။ ကိုဒီဟာ သူအားသာတဲ့ ညာလက်သီးအသုံးပြုဖို့ကြိုးစားခဲ့ပေမယ့် အိမ်စာကြေတဲ့ဗန်တစ်ယောက် ကောင်းကောင်းကိုင်တွယ်သွားနိုင်ပါတယ်။
တတိယအချီအရောက်မှာ ကိုဒီဒါဒန်ဟာသတိထားထိုးသတ်ခဲ့ပြီး ဗန်ရဲ့တိုက်စစ်ကိုသာ ခုခံဖို့ကြိုးစားနေရကာ ဗန်ကတော့ အောက်ခြေကန်ချက်တွေ၊ သူ့ရဲ့လက်နက်ဖြစ်တဲ့ ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ကိုဒီကိုကောင်းကောင်းဖြိုပါတယ်။ ကိုဒီဟာ ဗန်ရဲ့ထိုးချက်တွေကြောင့် မြေပေါ်လှဲချအနားယူခဲ့တဲ့အထိ မောဟိုက်နေတာကိုတွေ့ရသလို သူ့ရဲ့အံကတ်ပါပြုတ်ကျခဲ့ပါတယ်။
တတိယအချီအပြီးမှာတော့ အသာစီးယူထိုးသတ်ခဲ့တဲ့ဗန်ဟာ အမှတ်နဲ့အနိုင်ရခဲ့ပြီး UFC ရဲ့ထိပ်တန်းသတ်မှတ်ချက်စာရင်းဝင် ဖိုက်တာတယောက်အဖြစ် သက်သေပြခဲ့သလို နောက်ပွဲမှာ Top 10 ကနေ Top 5 အတွင်း ဘယ်သူ့ကိုဖြစ်ဖြစ် ထိုးသတ်သွားမယ်လို့ စိန်ခေါ်သွားကာ မြန်မာအလံပုံပြုလုပ်ထားတဲ့ သူ့ရဲ့အံကတ်ကို ပြသသွားပြီး နောက်ပွဲတွေမှာ မြန်မာအလံယူဖို့ပါ တောင်းဆိုသွားခဲ့ပါတယ်။
Photo – ss from UFC Live.