မန္တလေး၊ ဇူလိုင် ၂၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က မီလျံနာရွှေဆိုင် ဓားပြတိုက်မှုမှာ ပြစ်မှုကျူးလွန်သူ ၆ ဦးကို ဖမ်းမိထားတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတွေထံက သိရပါတယ်။
ဓားပြတိုက်မှုဖြစ်ပွားပြီး ၂ ရက်အကြာ ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြစ်မှူကျူးလွန်သူတွေအနက် ၂ ဦးကို တံတားဦးမြို့အပိုင် အမြန်လမ်းပေါ်မှာ ဖမ်းမိခဲ့ပြီးနောက် ကျန် ၄ ဦးကို ဇူလိုင်လ ၂၃ ရက်နေ့က ထပ်မံဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
“အမြန်လမ်းမှာ နှစ်ယောက်မိပြီးတော့ နောက်နှစ်ယောက်ကို စစ်ကိုင်းသွားမယ့်လမ်းပေါ်မှာ ထပ်မိတယ်။ တယောက်က တံလျှပ်မော်တောင်ရပ်ကွက်က တည်းခိုခန်းတခုမှာ မိတာ။ နောက်တယောက်ကိုလည်း မြို့ထဲမှာ ထပ်မိတာ။ နောက်ဆုံးတယောက်က သေနတ်ကိုင်တဲ့တယောက်ပါ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတဦးက ပြောပါတယ်။
ပြစ်မှူကျူးလွန်သူ ၆ ဦးအနက် ၄ ဦးဟာ မန္တလေးဇာတိတွေဖြစ်ပြီး ၂ ဦးက စစ်ကိုင်းဇာတိတွေဖြစ်ကာ ၆ ဦးအနက် ၄ ဦးဟာ ခိုးမှု၊ ဓားပြမှုတွေနဲ့ ထောင်ကျဖူးသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ပြစ်မှူကျူးလွန်သူတွေကို မန္တလေးတိုင်း ရဲတပ်ဖွဲ့ရုံးမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓားပြတိုက်မှု ကျူးလွန်သူ ၆ ဦးကိုဖမ်းမိထားပေမယ့် ပြစ်မှူကျူးလွန်ချိန်က အသုံးပြုခဲ့တဲ့သေနတ်တလက်နဲ့ ရွေထည်အချို့ကိုသာ ပြန်လည်သိမ်းဆည်းရမိထားသေးပြီး ရွှေထည်ပစ္စည်းအများစုကိုတော့ ပြစ်မှူကျူးလွန်သူတွေကိုစစ်ဆေးပြီး သက်သေခံအဖြစ်သိမ်းဆည်းနိုင်ဖို့ ရဲအဖွဲ့က ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း၊ ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာတည်ရှိတဲ့ မီလျံနာရွှေဆိုင်ကို ဆိုင်ကယ် ၃ စီးနဲ့ အမျိုးသား ၆ ဦးပါတဲ့ ဓားပြတွေဟာ ပစ္စတိုသေနတ်တလက်နဲ့ရောက်လာပြီး သေနတ်တချက်ပစ်ဖောက်ကာ ဆိုင်ဝန်ထမ်းကို ရိုက်နှက်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ တပိဿာကျော်ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။




