နေပြည်တော်၊ မတ် ၂၈၊ ၂၀၂၅။
Category:
သဘာဝပတ်ဝန်းကျင်
ရစ်ချာစကေး ၇.၇ရှိ ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းနဲ့ မန္တလေးမြို့ရိုးအပါ အဆောက်အဦတချို့ပြိုကျ (ရုပ်/သံ)
by မင်းခန့်
written by မင်းခန့်
မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။
မတ် ၂၈ ရက် ဒီနေ့မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခန့်က စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်အပါ မြန်မာနိုင်ငံတဝန်းက မြို့အများစုမှာ အင်းအားပြင်းငလျင်လှုပ်ခဲ့ပါတယ်။
ခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ပြင်းအားဟာ အင်အားရစ်ချာစကေး ၇.၇ ရှိတယ်လို့ United States Geological Survey မှာ ဖော်ပြပါတယ်။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ခံတဦးကတော့ “ဆင်ဖြူကျွန်းမှာလဲလှုပ်သွားတာ၊ တော်တော်လှုပ်သွားတယ်။ ၅ မိနစ်လောက်လှုပ်သွားတာ။ ဆိုင်ကယ်စီးနေတုန်းကြီးလဲသွားတာ” ငလျင်လှုပ်ခတ်ချိန်အတွင်း ကြုံခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။
အဲ့ဒီငလျင်ဟာ ၄ မိနစ်ခန့်လှုပ်ခဲ့ပြီး စစ်ကိုင်းတံတားဟောင်း၊ မန္တလေးမြို့ရိုး၊ သာသနိကအဆောက်အအုံတချို့နဲ့ လူနေအထပ်မြင့်တိုက်တွေ၊ အထပ်မြင့်ဟိုတယ်တွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။
“ငလျင်လှုပ်တာ မန္တလေးတော်တော်ဆိုးတယ်၊ ကျနော်တို့တောင် ကွင်းပြင်ထဲရောက်နေလို့၊ ရဲမြန်မာဟိုတယ်ဆို လုံးဝစောင်းသွားတာ ပြိုကျဖို့နည်းနည်းပဲ လိုတော့တယ်၊ ကယ်ဆယ်ရေးတွေတော့ လုပ်နေကြတယ်” မဟာအောင်မြေမြို့နယ် နေထိုင်တဲ့ အမျိုးသားတဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းအတွင်းထိခိုက်သေဆုံးမှုအများဆုံးရှိနိုင်ပြီး အသေးစိတ်အခြေနေကိုတော့ မြေလတ်အသံကစုံစမ်းနေဆဲဖြစ်ပါတယ်။
အဆိုပါအင်အားပြင်းငလျင်ဟာ မြန်မာနိုင်ငံအပြင် အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာလည်းလှုပ်ခတ်ခဲ့ပြီး ချင်းမိုင်၊ ဘန်ကောက်မြို့တွေကအထပ်မြင့်တိုက်တွေ၊ ဆောက်လုပ်လက်စ အထပ်မြင့်အဆောက်အဦတွေ ပြိုကျကာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
သတင်း – မင်းခန့်၊တည်းဖြတ် – HP
ပြည်၊ မတ် ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းကျောင်းတိုက် ငလျင် ကြောင့်ပြိုကျပျက်စီးခဲ့တယ်လို့ ပြည်မြို့ခံတွေဆီကသိရပါတယ်။
မတ်လ ၂၈ ရက်ဒီနေ့လယ် ၁ နာရီခန့်မှ လှုပ်ခတ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ရှေးဟောင်းကျောင်းတိုက်ကျောင်းကြီးရဲ့အနောက်ဘက်ခြမ်းပြိုကျခဲ့တာဖြစ်ပြီး လူထိခိုက်မှုတွေမရှိခဲ့ဘူးလို့ ပြည်မြို့ခံတဦးကပြောပါတယ်။





နေပြည်တော်မှာ ငလျင်ကြောင့်ကုတင် ၁၀၀၀ ဆေးရုံ၊ ဝန်ကြီးဌာနအဆောက်အဦတချို့အပါ ထိခိုက်ပျက်စီးမှုများခဲ့ပြီး လူသေဆုံးမှုရှိ
by MLAT
written by MLAT
■ တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတပ်အဆောက်အဦတချို့လည်း ပြိုကျဟုဆို
မြေလတ်အသံ၊ မတ် ၂၈၊ ၂၀၂၅။
အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ် မြေမှာ ကုတင် ၁၀၀၀ ဆေးရုံဝန်ကြီးဌာနအဆောက်အဦတချို့အပါအဝင် နေရာအများ အပြား အပျက်အစီးများခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါ တယ်။
ဇမ္မူသီရိမြို့နယ်ရှိ ကုတင် ၁၀၀၀ ဆေးရုံ၊ စွမ်းအင်နဲ့နိုင်ငံခြားရေးဌာနတွေအပါ ဝန်ကြီးဌာနရုံး တချို့၊ ဝန်ထမ်းအိမ်ယာ၊ Ocean ကုန်တိုက်စတဲ့ အဆောက်အဦတွေအပြင် နေပြည်တော် အတွင်း လမ်းတွေမှာလည်း ကွဲအက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။


“ (ဆေးရုံ) မျက်နှာကျက်တွေပြိုကျပြီး လူထိခိုက်တာတွေရှိတယ်။ နေပြည်တော်မှာ ထိခိုက် သေဆုံးများတယ်” လို့ နေပြည်တော်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူ တဦးက မြေလတ်အသံကို ပြောပါတယ်။
ငလျင်ကြောင့် နေပြည်တော်အတွင်းလမ်းပိုင်းတွေမှာ ထိခိုက်ပျက်စီးမှုတွေများတာကြောင့် ကား လမ်းတချို့ ပိတ်နေကာ သွားလာရခက်ခဲနေတယ်လို့ ဆိုပါတယ်။


နေပြည်တော်မြို့ခံတဦးက “ နေပြည်တော် ကားလမ်းတွေပိတ်နေတယ်။ အစိုးရရုံးခန်းတွေ ထိတယ်။ (ငလျင်လှုပ်တဲ့အချိန်) ကားလမ်းပေါ်မှာ ကားတွေလူးပြီးမောင်းမရဖြစ်တယ်။ ဆိုင်ကယ်တွေမောင်းနေရင်း လဲ ကျကြတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရုံးချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ ခလရ ၈၅ တပ်ရင်းတွေမှာ အဆောက် အဦပြိုကျမှုတွေရှိတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော် က တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ၎င်းရဲ့လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာလည်း နေပြည်တော် အတွင်း ဝန်ထမ်းအိမ်ယာပျက်စီးမှုတွေမှာ ပိတ်မိနေသူတွေရှိ အကူအညီတောင်းခံနေကြတယ်လို့ ဖော်ပြကြပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေအသေးစိတ်တွေကို တော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုံစာ – နေပြည်တော် MOGE ရုံး
ငလျင်ကြောင့် စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းပြိုကျလို့ ကိုရင် ၁ ပါးနဲ့ စစ်ရှောင် ၅ ဦးသေဆုံး
by ကျော်ကြီး
written by ကျော်ကြီး
တောင်ငူ၊ မတ် ၂၈၊ ၂၀၂၅။
ငလျင်ဒဏ်ကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ဘေးရှောင်တွေနေထိုင်တဲ့ဘုန်းကြီးကျောင်း ပြိုကျခဲ့ပြီး ကိုရင် ၁ ပါးနဲ့ စစ်ဘေးရှောင် ၅ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေဆီက သိရပါတယ်။
မတ် ၂၈ ရက် ဒီနေ့လယ် ၁၂ နာရီ မိနစ် ၅၀ ခန့်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာမှာ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်တခုပြိုကျပြီး ပိမိခဲ့တာလို့ ဆိုပါတယ်။


“ကျောင်းပြိုကျတော့ ကျောင်းအတွင်းရှိနေသူတွေပိမိပြီး ထိခိုက်သေဆုံးကြတာ။ လောလောဆယ် DB (deadbody) ၅ လောင်းရထားတယ်။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
ကျောင်းပြိုကျလို့ သေဆုံးသူ ၆ ဦးထဲမှာ ကလေးငယ်အများစုပါဝင်ပြီး သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ဘုန်းကြီးကျောင်းမှာ ၂၀၂၅ ဇန်နဝါရီလကတည်းက ထန်းတပင်မြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေစစ်ဘေးရှောင်ရင်း နေထိုင်နေကြတာဖြစ်ပြီး လူဦးရေ ၅၀ ကျော်ခန့်ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ငလျင်ကြောင့် တောင်ငူမြို့နယ်မှာ ခပေါင်းတံတားအက်ကွဲမှုဖြစ်ပေါ်လို့ သွားလာမှုယာယီပိတ်ထားသလို ရှေးဟောင်းဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ လူနေအဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
ရစ်ချာစကေး ၇.၇ နဲ့လှုပ်ခတ်ခဲ့တဲ့ အဆိုပါငလျင်ကြောင့် တောင်ငူမြို့နယ်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ်အပါမြို့နယ်အများအပြားမှာ အဆောက်အဦပြိုကျပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

စာတည်း – လင်း
ငလျင်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းနေရာတချို့ ပျက်စီးခဲ့ပြီး လတ်တလောအသုံးပြုမရ
by ကျော်ကြီး
written by ကျော်ကြီး
တံတားဦး၊ မတ် ၂၈၊ ၂၀၂၅ ။
ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းနေရာတချို့မှာ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လမ်းပျက်စီးမှုတွေကြောင့် လတ်တလောကားတွေသွားလာလို့မရဘူးလို့ ခရီးသွားတွေထံက သိရပါတယ်။
ယနေ့ မတ် ၂၈ ရက် နေ့လယ် ၁ နာရီခန့်မှာ လှုပ်ခတ်တဲ့ အင်အား ၇.၇၆ ရစ်ချက်စတာ စကေးရှိ အင်အားပြင်းငလျင်ကြောင့် အမြန်လမ်းမိုင်တိုင် ၃၆၂ အနီးမှာ ကားလမ်းအက်ကွဲတာ၊ ပြတ်ကျတာနဲ့ လှိုင်းတွန့်ပုံစံခုံးထွက်လာတာတွေ ဖြစ်ပေါ်ခဲ့တာအပြင် အမြန်လမ်းရဲ့နောက်ထပ်နေရာ ၁၀ ခုထက်မနည်းမှာ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။


” ပထမ ရုတ်တရက်ဆိုတော့ ကားဘီးကွဲတာထင်တာ။ နောက်မှ ငလျင်လှုပ်တာသိရပြီး ကားပါရပ်လိုက်ရတာ။ လမ်းပိုင်းမှာ အပျက်အစီးအများကြီးတွေ့ရတယ်” လို့ အမြန်လမ်းအသုံးပြုနေတဲ့ ခရီးသွားတဦးက မြေလတ်အသံကို ပြောပါတယ်။
လတ်တလောမှာ လမ်းပိုင်းနေရာတချို့ ပျက်စီးနေတာကြောင့် ကားတွေသွားလာလို့မရဘဲ ရပ်တန့်ထားရပြီး ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မြို့တွေအပါအဝင် နေရာအများအပြားမှာ အဆောက်အဦတွေပြိုကျတဲ့အထိ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ကာ လက်ရှိမှာ ဒေသအလိုက်လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။


ဓါတ်ပုံ – Ashin Kavi Nanda Facebook.
သတင်း – ကျော်ကြီး၊ စာတည်း – ဟိန်းစံ
အမိုးနီးယား ယိုစိမ့်မှုကြောင့် လူပေါင်း ၃၀ ကျော် အဆိပ်သင့်မှုဖြစ်ပွား
by ကျော်ကြီး
written by ကျော်ကြီး
စဥ့်ကိုင် ဧပြီ ၁၂၊ ၂၀၂၃။
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်၊ တဘက်ဆွဲကျေးရွာမှာ အမိုးနီးယား ယိုစိမ့်မှုကြောင့် လူပေါင်း ၃၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၁၁ ရက် ၁ နာရီခန့်မှာ တဘက်ဆွဲကျေးရွာရှိ လေထိုးကွန်ပရက်ဆာနဲ့ လေလှောင်အိုးရောင်းဝယ်ရေး အလုပ်ရုံကနေ အမိုးနီးယား ၈၀၀ လီတာအိုးမှ အမိုးနီးယားတွေ ယိုစိမ့်ခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်နေ ပြည်သူတွေ အဆိပ်သင့်မှု ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


“အောက်ဆီဂျင်အိုးဖြည့်လုပ်ငန်း ရှိတယ်။ အဲဒီမှာ သုံးတဲ့အိုးတွေကို ဆေးကြောဖို့ လုပ်ကြတဲ့အချိန်မှာ အရည်တွေရှိနေတဲ့ အိုးကို မှားဖွင့်မိပြီး အငွေ့တွေက ပတ်ဝန်းကျင်ကို ပြန့်ကုန်တာလို့ သိရတယ်။ အဲဒီအနံကို ရှုမိတဲ့သူတွေက တော်တော်များတယ်။ အဲ့ထဲကမှ လူအချို့က ဆေးရုံပို့ရတဲ့အခြေနေထိ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။
အမိုးနီးယားအငွေ့တွေ ရှုမိလို့ ကလေးငယ် ၁၁ ဦးအပါအဝင် လူပေါင်း ၃၀ ကျော်ဟာ မေ့လဲတာ၊ မူးမော်တာနဲ့ အော့အန်တာတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။


အမိုးနီးယားအဆိပ်သင့်သူတွေကို ဒေသလူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံ၊ စဥ့်ကိုင်ဆေးရုံအပါအဝင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို အောက်ဆီဂျင်ပေးကာ သယ်ဆောင်ပြီး ဆေးကုသမှုပေးနေရတယ်လို့ သိရပါတယ်။
ဆေးရုံဆေးခန်းရောက်ရှိချိန် ဆေးကုသမှုခံယူပြီးနောက် သက်သာလာသူတချို့ နေအိမ်ပြန်ခဲ့တာရှိပြီး တချို့ကတော့ ဆေးရုံမှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ကာ စိုးရိမ်ရသူ မရှိဘူးလို့ သိရပါတယ်။
စာတည်း – လင်းဇေ
အမိမြေတော်လှန်ရေးတပ်ဖွဲ့က စစ်တိုက်နားချိန်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်
by ချယ်ရီ
written by ချယ်ရီ
ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အခြေစိုက် တပ်ရင်း ၂၇ ရဲ့ တပ်ခွဲ – ၁ဖြစ်တဲ့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ဟာ တိုက်ပွဲနားချိန်တွေနဲ့ တိုက်ပွဲကာလတွေမှာပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို လက်လှမ်းမိသလောက် ပူးတွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တပ်ဖွဲ့စခန်းအဖြစ် စတင်တည်ထောင်ချိန်ကတည်းက စခန်းအနီးနားက သစ်တောမှာ သစ်ဝါးခုတ်ခြင်းနဲ့ အလွန်ကျွံ အမဲလိုက်ခြင်းတွေကို တားမြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ခဲ့ကာ၊ တဖက်မှာလည်း ရွာသားတွေအတွက် ကျန်းမာရေးကုသမှုတွေ အခမဲ့ လုပ်ပေးတယ်လို့ ဆိုပါတယ်။

“သစ်တောပြုန်းတီးတဲ့အခါ ခံစားရမဲ့ အကျိုးဆက်၊ ရှားပါးသတ္တဝါတွေ ရှိတယ်ပေါ့နော်။ လိုအပ်တာထပ်ပိုပြီး အမဲလိုက်မိရင် မျိုးတုန်းပျောက်ကွယ်မယ် ဆိုတာမျိုးလောက်တော့ သိသလောက် မျှဝေပေး ဖြစ်ပါတယ်။ နေထိုင်ရေးအတွက် ခုတ်ဖို့လိုအပ်မယ်ဆိုရင် ပကဖနဲ့ ချိတ်ဆက်ဖို့ ပြောပါတယ်။ ကျတော်တို့က စစ်တိုက်နေရုံနဲ့ မပြီးဘူးဗျ။ သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။” လို့ ရဲဘော်မင်းကိုက ပြောပါတယ်။
တပ်ဖွဲ့ကင်းလှည့်ချိန်တွေနဲ့ ကြုံရင်ကြုံသလို ရွာသားတွေကို ပညာပေးပြောပြတာတွေ လုပ်ပြီး အမဲလိုက်ခြင်းကို ကန့်သတ်လိုက်လို့ စားဝတ်နေရေး အခက်ခဲကြုံရင်လည်း တပ်ရင်းကနေ တတ်နိုင်သလောက် အကူညီတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

တိုက်ပွဲမရှိချိန်တွေမှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပေမယ့် တိုက်ပွဲရှိနေရင်တော့ လက်လှမ်းမှီတဲ့ နယ်မြေလောက်ပဲ အသိပညာပေးနိုင်ကာ အခုနောက်ပိုင်းဆို သစ်ဝါးခုတ်တာတွေ နည်းပါးသွားပြီလို့လည်း သူကဆက်ပြောပါတယ်။
အခုလို အမဲလိုက်တာတွေ၊ သစ်၊ ဝါးခုတ်တာတွေကို တားဆီးလိုက်ပေမယ့် တဖက်မှာလည်း ရွာသားတွေအတွက် ကျန်းမာရေးနဲ့ သားဖွားခြင်းဆိုင်ရာတွေကို နယ်မြေဆင်း ကုပေးတာ၊ ဆေးခန်းဖွင့်ပြီး ကုသပေးတာတွေ အခမဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသာမက နယ်မြေလုံခြုံရေးအတွက်လည်း လုပ်ဆောင်နေပြီး ကုန်ကားတွေမှာ စစ်တပ်ထုတ်ကုန် ပါ၊မပါကိုပါ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးဒေသအချို့ စက်ယန္တယားများဖြင့် သစ်ခိုးခုတ်မှုပိုများလာ (ဆောင်းပါး)
by MLAT
written by MLAT
မြေလတ်အသံ၊ ဇွန် ၃၀၊ ၂၀၂၂။
မကွေးတိုင်း၊ ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်တွေမှာ အာဏာသိမ်းစစ်ကောင်စီတက်လာပြီး တနှစ်ခန့်အတွင်း စက်ယန္တယားများအသုံးပြုကာ သစ်ခိုးထုတ်မှုများကြောင့် သစ်တောပြုန်းတီးမှု ပိုများလာသည်ဟု ဒေသခံများထံက သိရသည်။
“အရင်က သစ်တောကငွေယူပေမဲ့ လမ်းဖောက်မခံဘူး။ လက်ဖောက်လမ်းနဲ့ သစ်ထုတ်ရတာ။ အခုက အင်ဂျင်ပါဝါကောင်းတဲ့ စက်ယန္တရားကြီးတွေနဲ့ဆွဲတယ်။ အတက်တွေကားမတက်နိုင်ရင် သူနဲ့ဆွဲတင်တယ်။ တင်ဖို့ချဖို့က ကရိန်းကားအသေးတောင်ရှိတယ်။ လမ်းကလည်း ဖောကားပေါ်တင်လာတဲ့ဘက်ဟိုးအသေးနဲ့ဖောက်တော့ လမ်းကရှယ်ဘဲ” ဟု သစ်တောနှင့် နီးစပ်သူတဦးက ပြောသည်။
ယခင်က ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်က သစ်ကားများသည် ပုသိမ်-မုံရွာ လမ်းပေါ်မှာတညကို ၄၊၅ စီးသာထွက်နေရာက ယခုအခါ စစ်ကောင်စီစစ်ဆေးရေးဂိတ်များနှင့်ပေါင်းပြီး နေ့စဉ်အစီး ၂၀ ကျော်ထွက်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောဆိုသည်။
၈၈ အရေးအခင်းနောက်ပိုင်း နဝတခေတ်ကတည်းက စတင်ပြုန်းတီးလာသောသစ်တောများကိုထိမ်းသိမ်းသည့်အနေဖြင့် NLD အစိုးရလက်ထက်မှာ ပဲခူးရိုးမအပါအဝင် သစ်ထုတ်ခြင်းသစ်ခုတ်ခြင်းကို ရပ်နားထားခဲ့သည်။ လွတ်တော်ကိုယ်စားလှယ်များ၏ကြပ်မတ်မှုကြောင့် သစ်ခိုးထုတ်မှုအနည်းငယ် လျော့ကျသွားသော်လည်း ပြီးခဲ့သည့်နှစ် တကြော့ပြန်စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစပြီး သစ်မှောင်ခိုများ တစခန်းပြန်ထလာခြင်းလည်းဖြစ်သည်။
ယခုအခါ သစ်ခိုးထုတ်သူများ အင်အားကောင်းလာပြီး စက်ယန္တယားကြီးများအသုံးပြုလမ်းဖောက်ထုတ်ယူမှုကြောင့် ကံမမြို့နယ်နှင့် မင်းတုန်းမြို့နယ်က သစ်တောကြိုးဝိုင်းတွေကုန်သလောက်နီးပါးဖြစ်နေသည်ဟု သိရသည်။
ဇွန်လ ၁၈ နေ့ကလည်း သစ်တောဦးစီးဌာနက ပုသိမ်-မုံရွာလမ်းကတဆင့် ဝင်ရောက်ရသည့် ပန်းတောင်းမြို့နယ် ရေကျော်ကျေးရွာအနီးမှာ ကျွန်းသစ်အပါအဝင် အုပ်စု (၁) ဝင် ပျဉ်းကတိုးနှင့် ပိတောက်အမျိုးအစား ရောနှောသစ်တန်ပေါင်း ၇၀၀ ခန့်ကို တနေရာထဲမှာ အပုံလိုက်ဖမ်းဆီးခဲ့ပြီး သတင်းမှောင်ချထားခဲ့ကြသည်။
“တနေ့တည်းဖမ်းမိတာတောင် တန် ၇၀၀ လောက်ဖြစ်နေရင် နေ့တိုင်းဆိုရင် ဘယ်လောက်ထိရှိနေမလဲမပြောနိုင်ဘူး။ မင်းတုန်း/ ကံမ ဘက်ကနေ ဥသျှစ်ပင်ဘက်ကိုတော့ သစ်ကားတွေ နေ့တိုင်းသွားနေကြတာပဲ” ဟု အမည်မဖော်လိုသူဒေသခံတဦးက ပြောသည်။
မြန်မာ့သစ်တောများသည် ၁၉၇၃ ခုနှစ်မှစပြီး ယနေ့အထိ လေးပုံတပုံခန့် ပြုန်းတီးသွားပြီး ကျန်ရှိနေသည့် သစ်တောများ၏ သုံးပုံတစ်ပုံကိုလည်း ရေရှည်တည်တံ့သည့် လမ်းကြောင်းဖြင့် မထိန်းသိမ်းပါက လာမည့် နှစ်ပေါင်း သုံးဆယ်အတွင်း ပျောက်ကွယ်သွားနိုင်မည်ဖြစ်ကြောင်း World Wildlife Fund (WWF-Myanmar)၏ သစ်တောစီမံကိန်းအကြီးတန်းအရာရှိ ဒေါ်အေးမြတ်သန္တာက WWF ၏ ဝက်ဆိုက်တွင် သတိပေးရေးသားဖော်ပြထားသည်။
သစ်တောသည် ကမ္ဘာကြီးပူနွေးမှုကို လျှော့ချပေးရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ကို လည်း စုပ်ယူပေးလျက်ရှိပြီး ကမ္ဘာမြေအတွက် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်ဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည်တို့ကိုလည်း ကာကွယ်ပေးသည်။
ယခုကဲ့သို့ သစ်ခိုးထုတ်မှုများလာခြင်းကြောင့် သစ်တောပြုန်းတီးပြီး ရေဝေရေလဲဧရိယာများနှင့် ရေထွက်စမ်းများတွင် မြေဆီလွှာတိုက်စားပြုန်းတီးမှုများဖြစ်လာနိုင်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မင်းတုန်းမြို့နယ် စိုက်ပျိုးရေးပညာရှင်တဦးက ပြောသည်။
မိုးရေတောင်ကျချောင်းရေနှင့်အတူ မြေဆီမြေနှစ်များ မျောပါသွားခြင်းကြောင့် ရေထွက်စမ်းများလည်းခမ်းခြောက်ပြီး ချောင်းများတိမ်ကောလာသည်ဟု ၎င်းကရှင်းပြသည်။
“ဒီလိုသာဆက်ပြီးခုတ်နေမယ်ဆိုရင်တော့ နောင်လာမဲ့နှစ်တွေမှာ သစ်တောပြုန်းတီးမှု ပိုများပြားလာပြီး ရာသီဥတု ဒီထက်မက အများကြီးပိုမိုဆိုးဝါးလာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကမ္ဘာကြီး၏အပူချိန် ၁.၅ ဒီဂရီ စင်ဒီဂရိတ်အောက်တွင် ကောင်းမွန်စွာ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာ ရာသီဥတုပြောင်းလဲခြင်း လျှော့ချရေးသဘောတူညီချက်တခုဖြစ်သည့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲခြင်း လျှော့ချရေးနှင့် လိုက်လျှောညီထွေရှိရေး ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (NDC) ကို မြန်မာနိုင်ငံက ရေးဆွဲထားပါသည်။
NDC တွင် ပါရှိသည့် ကတိကဝတ်များထဲတွင် သစ်တောမြေနှင့် အခြားမြေများအသုံးချမှုကဏ္ဍတွင် နိုင်ငံတကာအထောက်အပံ့များရရှိပါက ဆောင်ရွက်မည့် ရည်မှန်းချက်အဖြစ် ၂၀၃၀ တွင် သစ်တောပြုန်းတီးမှု ၅၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ပြီး ရလဒ်အနေဖြင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တန် ၂၅၆.၅ တန်အား ၂၀၂၁ ကနေ ၂၀၃၀ အတွင်း လျှော့ချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏၂၀၂၀ ပြည့်နှစ် NDC အစီရင်ခံစာ အကျဥ်းချုပ်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွက် စစ်ကောင်စီနှင့် NUG ဆိုပြီး အစိုးရ နှစ်ရပ်ရှိနေသည့်အနေအထားဖြစ်ပြီး နိုင်ငံအနှံ့တိုက်ပွဲများ ဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးရေးအားနည်းနေသည့်အတွက် ယခုကဲ့သို့ သစ်ခိုးထုတ်မှု အပေါ် အရေးယူမှု မလုပ်နိုင်သည့်အတွက် သစ်ခိုးထုတ်မှုဟာ ပိုပြီးဆိုးရွားလာခြင်းဖြစ်သည်။
ယခင်က သစ်ပင်ခုတ်လှဲထားသည့် အပင်ရင်းမှ ကျွဲနွားလောက်သာအသုံးပြု သယ်ဆောင်ရာမှာ ချိန်းဆောများ၊ ခေတ်မီယန္တယားကြီးများနှင့် ခုတ်လှဲ လမ်းဖောက်သယ်ထုတ်နေသဖြင့် သစ်တောပြုန်းတီးမှု ပိုမြန်ဆန်လာနေသည်ဟု မကွေးတိုင်းအတွင်းရှိ ဒေသခံများထံကသိရသည်။
သစ်ထုတ်ရန်အတွက် လမ်းဖောက်သည့်အခါမှာလည်း လမ်းပေါင်းများစွာဖောက်ရသည့်အတွက် အခြားအပင်များပါအခုတ်ခံရကြောင်း ခေတ်မီယန္တယားများနှင့် လမ်းဖောက်သစ်ထုတ်လုပ်လာခြင်းအတွက် သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးကာ ရာသီဥတုဆိုးဝါးဖောက်ပြန်လာမှာကို ဒေသခံများက စိုးရိမ်နေကြကြောင်းသိရသည်။
Older Posts