မတ္တရာမှာ လေယာဉ်ဗုံးထိလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးအပါ ၃ ဦးဒဏ်ရာရ

0 12
0 12

မတ္တရာ၊ ဧပြီ ၁၁၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေချောင်းဘိုကျေးရွာကို ဧပြီ ၁၀ ရက် ယမန်နေ့မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြေ ၁၀၀ ခန့်ရှိ ရေချောင်းဘိုကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးချတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူနေအိမ်တွေကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“သေဆုံး၊ ဒဏ်ရာရတဲ့သူတွေက မိသားစု၊ ဆွေမျိုးလားဆိုတာကို မသိရပါ။ ဗုံးကြဲချိန်မှာ သူတို့က နေအိမ်ထဲမှာရှိနေကြတာပါ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခံရတာပါ။” လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းတာဝန်ခံ ဘိုတောက်က ပြောပါတယ်။

လေယာဉ်ဗုံးထိမှန်တာကြောင့် ရေချောင်းဘိုကျေးရွာနေ မချိုဇင်ဦး ၃၅ နှစ် သေဆုံးခဲ့ပြီး ဦးမျိုးလွင် ၆၁ နှစ်၊ မမာကြည် ၄၇ နှစ် နဲ့ မသိမ့်သိမ့်ထွန်း ၇ နှစ်တို့မှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားသည့် ရေချောင်းဘိုရွာက နေအိမ်တချို့။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ကျေးရွာမှာ မတ္တရာမြို့ရဲ့မြောက်ဘက် ၄ မိုင်ခန့်အကွာမှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့မတ် ၁၁ ရက်ကလည်း မတ္တရာမြို့နယ်၊ ဝသုန္ဒရရွာကို လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း -AAPP ရဲ့ ဧပြီ ၃ ရက် စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မတ် ၃၁ ရက်အထိ စစ်ကောင်စီကြောင့် နိုင်ငံတဝန်းအမျိုးသမီး ၁၄၇ ဦး၊ အမျိုသား ၂၀၅ ဦး၊ စုစုပေါင်း ၃၅၃ ဦး သေဆုံးခဲ့ပြီး အဲ့ဒီထဲက လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူ ၂၃၅ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။