ညောင်ဦးမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့သမက်ဖြစ်သူတို့ ပစ်သတ်ခံရ

ညောင်ဦး၊ ဧပြီ ၂၀၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ မြေနီကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သမက်ဖြစ်သူတို့ ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ မြေနီကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၇၀ အရွယ် ဦးရဲတင့်နဲ့ သမက်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် ဦးဇော်မင်းမြတ်တို့ဖြစ်ပြီး ဧပြီ ၁၉ ရက် မနက် ၁ နာရီခန့်မှာ လက်နက်ကိုင်အဖွဲ့တခုက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“ရွာထဲမှာ ဝင်ရှင်းခံရတာတော့သိတယ်။ အိမ်ခြံဝန်းထဲ ခေါ်ထုတ်ပြီးရှင်းခံရတယ်လို့ သိရတယ်။ အုပ်ကြီးကတော့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပဲ။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဦးရဲတင့်ဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်တာကြောင့် ပစ်ခတ်ဖို့စီစဥ်သေးပေမယ့် ကျေးရွာအပေါ် ဒုက္ခပေးတာမရှိသလို သူကြောင့်ဖမ်းဆီးခံရသူတွေလည်းမရှိတဲ့အတွက် ကျေးရွာခံတွေကတားမြစ်တဲ့အတွက် ပစ်ခတ်မှုမလုပ်ဖြစ်ခဲ့ဘူးလို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဧပြီ ၆ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ အမှတ် ၃ ရပ်ကွက်နေ ကြံခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌတဦး နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။