ယူရို ၂၀၂၄ စပိန်ဗိုလ်စွဲ၊ နာမည်ကြီးအင်္ဂလန် ဒုတိယနဲ့သာကျေနပ်ရပြန် (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ ဇူလိုင် ၁၅၊ ၂၀၂၄။

ဂျာမနီနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ယူပြီး ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့ကာ နာမည်ကြီး အင်္ဂလန်အသင်းကတော့ ဒုတိယနေရာသာ ရရှိခဲ့ပါတယ်။

ပွဲစကတည်းက စပိန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်း ၄၅ မိနစ်အတွင်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု တကြိမ်မှ မပြုလုပ်နိုင်ခဲ့သလို အင်္ဂလန်အသင်းအနေနဲ့လည်း ခံစစ်ပိုင်းကိုဦးစားပေးကစားခဲ့ပြီး တန်ပြန်တိုက်စစ်ကစားခဲ့ပေမယ့် စပိန်နောက်တန်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒုတိယပိုင်းအစမှာ ဒဏ်ရာရသွားတဲ့ကွင်းလယ်လူ ရိုဒရီနေရာမှာ မာတင်ဇူဘီအန်ဒီ ဝင်ရောက်ကစားခဲ့ပြီး ပွဲအစ ၄၇ မိနစ်မှာ လာမိုင်းယာမဲလ် ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် နီကိုးဝီလီယံက ဦးဆောင်ဂိုးသွင်းယူကာ စပိန်အသင်းက စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ဂိုးပေးလိုက်ပြီးတဲ့နောက် အင်္ဂလန်အသင်းက တိုက်စစ်မှူး ဟာရီကိန်းနေရာမှာ အိုလီဝက်ကင်းစ် နဲ့ ကွင်းလယ်လူ ကိုဘီမိုင်နူးနေရာမှာ ကိုးလ်ပါမာ တို့ လူစားလဲခဲ့သလို စပိန်ကလည်း တိုက်စစ်မှူး မိုရာတာ နေရာမှာ မီခေးလ်အိုရာဇာဘယ်ကို လူစားလဲခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲကစားချိန် ၇၃ မိနစ်အရောက်မှာ စပိန်ဂိုးဧရိယာထိပ်မှာ ဘယ်လင်ဂမ် ပြန်ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ကိုးလ်ပါမာ က လှလှပပ ကန်သွင်းပြီး အင်္ဂလန်တို့ ချေပဂိုးရရှိခဲ့ကာ ပြိုင်ပွဲကလည်း ပိုမိုမြိုင်ဆိုင်လာခဲ့ပါတယ်။

အပြန်အလှန်တိုက်စစ်ဆင်ကစားရင်း သရေရလဒ်ကို ထိန်းထားဖို့ကြိုးစားနေတဲ့ အင်္ဂလန်အသင်းကို ပွဲကစားချိန် ၈၆ မိနစ်အရောက်မှာတော့ ကူကူရယ်လာရဲ့ ပေးပို့မှုကနေတဆင့် လူစားဝင်ကစားသမား မီခေးလ်အိုရာဇာဘယ်က ပိတ်သွင်းနိုင်ခဲ့လို့ စပိန်အသင်း ထပ်မံဦးဆောင်နိုင်ခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ကာ ယူရို ၂၀၂၄ ရဲ့ ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတော့တယ်။

ဘောလုံးပိုင်ဆိုင်မှုအသာ ကစားကွက်အသာနဲ့ စပိန်အသင်းက ကစားနိုင်ခဲ့သလို အင်္ဂလန်အသင်ကလည်း တန်ပြန်တိုက်စစ်ကနေတဆင့် အကောင်းဆုံးဖိအားပေးယှဉ်ပြိုင်နိုင်ခဲ့ကာ ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

စပိန်အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပြိုင်ပွဲ ၅ ကြိမ်မှာ ၃ ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး အင်္ဂလန်ကတော့ ၂ ကြိမ်ဆက်တိုက် ဒုတိယနေရာ ရရှိခဲ့တာပါ။

Photo – UEFA EURO 2024

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။