မန်စီးတီးနဲ့အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၂၂၊ ၂၀၂၄။

ပြီးခဲ့တဲ့နှစ်က ချန်ပီယံမန်စီးတီးအသင်းနဲ့ ဒုတိယနေရာသာရခဲ့တဲ့အာဆင်နယ်အသင်း ဒီရာသီရဲ့ ပထမဆုံးတွေ့ဆုံမှုအဖြစ် ပရီးမီးယားလိဂ်ပွဲစဉ် ၅၊ ယနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီ၊ မန်စီးတီးအိမ်ကွင်း အီတီဟက်ကွင်းမှာ ယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။

ချန်ပီယံမန်စီးတီးအသင်းက ဒီရာသီမှာလည်း ပုံစံကောင်းပြသနေပြီး ၄ ပွဲကစား ၄ ပွဲလုံး အနိုင်ရရှိထားသလို တိုက်စစ်မှူး ဟာလန်း ကလည်း ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ကြားရက်မှာကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်တာမီလန်အသင်းကို သရေကျခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ ခြေစွမ်းကို လျှော့တွက်လို့မရဘဲ အာဆင်နယ်အသင်း ရုန်းကန်ရမယ့် အခြေအနေပါ။

အာဆင်နယ်အသင်းကတော့ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ရလဒ်ကောင်းနေခဲ့ပြီး ဒက်ကလန် ရိုက်စ် ရဲ့ အငြင်းပွားဖွယ် အနီကတ်ကြောင့်သာ ရာနှုန်းပြည့်နိုင်ပွဲ မရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြားရက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း မန်စီးတီးနည်းတူ အာဆင်နယ်လည်း သရေရလဒ်သာရရှိခဲ့ပေမယ့် ဒီရာသီ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုပေးထားရတဲ့ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းကိုတော့ မန်စီးတီးအသင်း ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ချေရှိပါတယ်။

မန်စီးတီးအသင်းက လူငယ်တိုက်စစ်မှူး အော်စကာ ဘော့ဘ်နဲ့ ခံစစ်မှူး နသန် အကီတို့သာ ဒဏ်ရာရရှိထားပြီး အစားထိုးရမယ့် ကစားသမားကောင်းများစွာရှိနေပေမယ့် အာဆင်နယ်ကတော့ ဇင်ချန်ကို၊ တီယာနေး၊ တိုမီယာစု စတဲ့ ခံစစ်ကစားသမားတွေ ဒဏ်ရာရနေသလို အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်နဲ့ အသစ်ခေါ်ယူထားတဲ့ မီခေးလ် မာရီနိုတို့လည်း ဒဏ်ရာရထားပါသေးတယ်။

ဒါကြောင့် ကွင်းလယ်ပိုင်းမှာ ပြဿနာအနည်းငယ်ရှိနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ပိုမိုရုန်းကန်ရနိုင်ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ အိမ်ကွင်းကနေ အမှတ်ခွဲဝေရယူနိုင်မလား အမှတ်ဗလာ လက်ဗလာနဲ့ ပြန်လာခဲ့ရမလား စောင့်ကြည့်ရမှာပါ။

ရာသီသစ်အစ အစောပိုင်းသာ ရှိနေသေးပေမယ့် အရင်နှစ်တွေကတည်းက ချန်ပီယံဖြစ်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ နှစ်သင်းအတွက် ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်ကလည်း ချန်ပီယံပြေးလမ်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိစေမှာဖြစ်လို့ မန်စီးတီးနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ယှဉ်ပြိုင်မှုကို စောင့်မျှော်ကြည့်ရှုကြရအောင်ပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။