စစ်ကိုင်း၊ မေ ၂၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ဆူးတပ်ရွာကနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မေလ ၁၉ ရက် မနေ့မနက် ၈ နာရီလောက်မှာ ဒုတိယအကြိမ်ထပ်မံမီးရှို့ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဆူးတပ်ကျေးရွာထဲကို ခမရ – ၃၆၈ တပ်မှအင်အား ၁၅၀ နီးပါးပါ စစ်အုပ်စုက မနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ လက်နက်တွေပစ်ဖောက်ဝင်ရောက်လာပြီး ၁ နာရီကျော်လောက်မှာတော့ အဲဒီရွာကနေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ မီးရှို့တာတွေပါ လုပ်ဆောင်ခဲ့တာလို့ ကျွန်းလှဒေသခံ ကိုသက်တိုးက ပြောပါတယ်။
“နေအိမ်က ၁၅ လုံးလောက် မီးလောင်သွားတယ်လို့ကြားတယ်။ အခုချိန်ထိ ရွာထဲကို ပြန်မဝင်ရသေးဘူး၊ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိလား၊မရှိလားဆိုတာတော့ မကြားသေးဘူး၊ မနေ့ကဆူးတပ်ရွာကို မီးရှို့ပြီးပြန်ထွက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်သေးတယ်။ ထိခိုက်ကျဆုံးမှုတွေတော့ မသိရဘူး” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်တွေဟာ ရွာကိုမီးရှို့ပြီး မနက် ၉ နာရီလောက်မှာတော့ ဆူးတပ်ရွာနဲ့ တမိုင်ခွဲလောက်ဝေးတဲ့ ဖုတ်ကုန်းကျေးရွာထဲကို လက်နက်တွေပစ်ဖောက်ပြီး ဝင်ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဆူးတပ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်ကလည်း အဲ့ဒီရွာက နေအိမ် ၅၉ လုံးကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားခဲ့ပါသေးတယ်။
စာတည်း – လင်း











