စဉ့်ကူး၊ ဇူလိုင် ၁၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မကွေးတိုင်း၊ အောင်လံမြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၄ ဦးသေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇူလိုင် ၈ ရက်မနက် ၆ နာရီကျော်မှာ စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာရှိ “လပြည့်ဝန်း” လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၃ နှစ်အရွယ် ဦးအောင်ဆန်းဝင်း (ခ) မင်းမင်းနဲ့ ရွှေဒုံးကျေးရွာတာဝန်ခံ အသက် ၄၅ နှစ်အရွယ် ကိုသန်းဇော်တို့ကို သေနတ်သမားတွေက ဆိုင်ထဲဝင်လာပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပစ်တာကတော့ တပ်ရင်းတွေဘက်က ပစ်တယ်လို့တော့သိရတယ်။ လက်ဖက်ရည်ဆိုင်ထဲထိ ဝင်ပစ်တာပေါ့။ အဲ့ဒါဖြစ်ပြီး ရွာခံတွေဖမ်းဆီးခံရတာတော့မရှိဘူး။ အလောင်းတွေတော့ စဉ့်ကူးဘက် သယ်သွားကြတယ်။ “လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှုးနဲ့ ကျေးရွာတာဝန်ခံတို့ဟာ စစ်တပ်လက်အောက်ခံဖြစ်သလို ပြည်သူတွေဆီက စစ်မှုထမ်းအကြောင်းပြငွေညှစ်တာနဲ့ သတင်းပေးလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခံရတာလို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၈ ရက်ည ၁၀ နာရီကျော်ခန့်မှာလည်း အောင်လံမြို့နယ်၊ ဥယျာဥ်ကျေးရွာနေ ပျူစောထီးအဖွဲ့ဝင် အသက် ၃၆ နှစ်အရွယ် သက်နိုင်စိုး (ခ) ကြွက်နီရဲ့နေအိမ်ကို ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ကြွက်နီက မြို့ပေါ်နေတာများတယ်။ သူအိမ်ပြန်ရောက်လာချိန်စောင့်ပြီး နေအိမ်ထဲဝင်ပစ်တာ။ အိမ်ထဲဝင်ပစ်ချိန်မှာတော့ သူတို့လင်မယားနဲ့ သူ့ယောက္ခမလင်မယားရှိနေတာ။ ပစ်ခတ်ပြီးတဲ့နောက်မှာလည်း ရွာထဲကအခြားပျူစောထီးတွေက သေနတ်ပစ်ဖောက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်။ ပျူခေါင်းဆောင် အတာအိမ်ကိုလည်းဝင်ဖို့လုပ်သေးတယ် သူမရှိလို့ ဘာမှမလုပ်ခဲ့ရဘူး”လို့ ပစ်ခတ်မှုပြုလုပ်ခဲ့တဲ့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် သက်နိုင်စိုး (ခ) ကြွက်နီ၊ ယောက္ခမဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းစန်းအေးတို့သေဆုံးခဲ့ပြီး ကြွက်နီရဲ့ မိန်းမဖြစ်သူ အသက် ၂၇ နှစ်အရွယ်နဲ့ ယောက္ခထီးဖြစ်သူ အသက် ၄၈ နှစ်အရွယ်တို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကြွက်နီရဲ့နေအိမ်ကို ဝင်ရောက်ပစ်ခတ်ချိန် သူကိုင်ဆောင်တဲ့ အူဇီသေနတ် ၁ လက်နဲ့ ကျည်ဆန်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက်ကလည်း အောင်လံမြို့၊ ပြလို့တိုက်နယ်၊ ကွမ်းလောင်းကျေးရွာအဝင်အနားမှာ အုပ်ချုပ်ရေးမှူး ဦးအေးဟန် ဓားခုတ်ခံရပြီးသေဆုံးခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်






