အရာတော်၊ ဩဂုတ် ၂၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်စစ်သာ၊ ညောင်ကြီးအိုင်နဲ့ထန်းတောကုန်းကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ပကဖရဲဘော်တဦးအပါအဝင် (၄) ဦးဒဏ်ရာရတယ်လို့ အရာတော်မြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နေ့လည် ၁ နာရီခန့်မှာ စစ်တပ်ဘက်က အောင်စစ်သာကျေးရွာအနီးကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲသလို ကျေးရွာထဲကိုလည်း MI 35 နဲ့ပစ်ခတ်ပြီး ညောင်ကြီးအိုင်နဲ့ ထန်းတောကုန်းလမ်းဆုံကို ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရွာထဲကိုတော့ ပွိုင့်(8) နဲ့လိုက်ပစ်တယ်။ ရွာပြင်တောထဲကိုတော့ ဗုံးကြဲသွားတာ။ အောင်စစ်သာနဲ့တမိုင်ကျော်ဝေးတဲ့ လမ်းဆုံကိုတော့ ဆူဆိုက်ဒရုန်းတွေနဲ့ချတာ။ အဲမှာထိတဲ့သူတွေက အောင်စစ်သာက ပြန်သွားတဲ့သူတွေကို ထိတာ”လို့ အရာတော်မြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဆူဆိုက်ဒရုန်းတိုက်ခိုက်မှုအတွင်း လမ်းဆုံမှာရောက်နေတဲ့ အသက် ၂၀ ကျော်အရွယ် အရာတော်ပကဖ ရဲဘော်တဦး၊ ရွာခံ အသက် ၃၀ ကနေ ၄၀ ကြား အမျိုးသား ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အောင်စစ်သာကျေးရွာအနီး ဗုံးကြဲပစ်ခတ်မှုမှာတော့ နေအိမ်အဆောက်အဦးအချို့ပျက်စီးမှုသာရှိခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာက တရားစခန်းပေါ် ဗုံးကြဲခံရလို့ သေဆုံးသူ ၁၅ ဦးရှိပြီး ၂၀ ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။

