မြင်းမူ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနဲ့ ကန်ပြားကျေးရွာကြားရှိ PDF စခန်း ၁ ခု စီးနင်း ခံရပြီး တပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရကာ စခန်းရှိပစ္စည်းအချို့ဆုံးရှုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက်မနက် ၂ နာရီခန့်မှာ ထီးဆောင်းကျေးရွာရှိ စစ်ကော်မရှင်အထိုင်စခန်းကနေလာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ၂ မိုင်ဝန်းကျင်အကွာရှိ အထက်ပါစခန်းကိုဝင်စီးချိန် ပစ်ခတ်မှုဖြစ်ပြီးနောက် စခန်းကနေဆုတ်ခွာသွားခဲ့ကြတာလို့ ဆိုပါတယ်။
“ထီးဆောင်းက **ကဝင်စီးတာပေါ့။ အပြန်အလှန်ပစ်ခတ်မှုတော့ ဖြစ်သေးတယ်။ တိုက်ပွဲဖြစ်ချိန်ကတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲဖြစ်တယ်။ သိသလောက်က ၄ ဦးထိတာရှိတယ်။ စခန်းထဲက ပစ္စည်းတွေလည်း ပါသွားတယ်။”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စခန်းဟာ စစ်ကိုင်းခရိုင်တပ်ရင်း ၆ ရဲ့ ရှေ့တန်းစခန်းဖြစ်ပြီး တိုက်ပွဲအတွင်းတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရကာ ဒဏ်ရာရသူတွေထဲက ၁ ဦးက စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ကား ၁ စီး၊ စစ်လက်နက်ပစ္စည်းအချို့၊ ယူနီဖောင်းတွေဆုံးရှုံးပြီး ကာလတန်ဖိုး ကျပ်သိန်းရာချီဆုံးရှုံးမှုရှိနိုင်ကာ စစ်ကော်မရှင်တပ်တွေကတော့ ပစ္စည်းတွေသိမ်းယူကာ အဲ့ဒီနေ့မနက် ၈ နာရီလောက်မှာ ထီးဆောင်းရွာကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဆိုပါ စခန်းစီးနင်းခံရမှုနဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင်တပ်ရင်း ၆ ဒုတပ်ရင်းမှူးထံ မြေလတ်အသံ ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် လတ်တလောဖြေကြားပေးဖို့အဆင်မပြေသေးကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
ဇန်နဝါရီ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ မြင်းမူမြို့နယ်၊ အလ္လကပကျေးရွာကြား ရေပိုးစာရေကန်အနီး မုံရွာ-မန္တလေးလမ်းပေါ်မှာ PDF အချို့ တိုက်ခိုက်ခံရပြီး ၂ ဦးကျဆုံးတယ်လို့ သိရပါတယ်။
စာတည်း – လင်း













