မြေလတ်အသံ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၅။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၄ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ဒီနေ့မှာ ချောက်မြို့နယ်က အမျိုးသမီးတွေဟာ အမှောင်ကျ ၄ နှစ်ပြည့်အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ချောက်မြို့နယ်တော်လှန်အမျိုးသမီးများအဖွဲ့ဆီက သိရပါတယ်။

ချောက်မြို့နယ်ဟာ စစ်ကောင်စီသတင်းပေးတွေရှိနေပြီး ပေါ်ပေါ်ထင်ထင်သပိတ်လုပ်ဖို့ခက်ခဲတာကြောင့် အိမ်တွင်းသပိတ်ကိုသာ ပြုလုပ်ခဲ့ကြကာ ချောက်မြို့နယ်အတွင်းက တော်လှန်အမျိုးသမီးတွေဟာ နေ့ထူးနေ့မြတ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာနေ့တွေ့မှာ ရရင် ရသလို ဆန္ဒပြလှုပ်ရှားမှုတွေကို ပြုလုပ်လေ့ရှိတယ်လို့ တော်လှန်အမျိုးသမီးများအဖွဲ့ဝင်တဦးက ပြောပါတယ်။


“အဖွဲ့ကမြို့ပေါ်မှာ ပရဟိတတွေလုပ်ကြပြီး အာဏာရှင်စနစ်ဆန့်ကျင်တဲ့အလုပ်တွေကို လုပ်ဖြစ်ကြတာပါ။ အခွင့်သာသလောက်လုပ်ဖို့အားခဲထားပါတယ်” လို့ သူကပြောပါတယ်။

ပြည်သူတွေအမှောင်ကျတာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး ချောက်မြို့ခံတွေအနေနဲ့ မြို့မှာ စစ်ကောင်စီသတင်းပေးတွေ၊ စစ်ကောင်စီကိုထောက်ခံသူတွေရှိတဲ့အတွက်ကြောက်ရွံ့ကြတာမျိုးရှိပေမယ့် နေသာသလိုနေတာတွေကိုတော့ လျှော့ချကာ ချောက်မြို့ကြီးကိုပြောင်းလဲပေးသင့်တယ်လို့ သူကဆိုပါတယ်။

တော်လှန်အမျိုးသမီးများအဖွဲ့ကို ၂၀၂၁ သြဂုတ် ၂၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး လူအခွင့်အရေးလှုပ်ရှားမှု၊ သန်းခေါင်စာရင်းဆန့်ကျင်ရေးလှုပ်ရှားမှုအပါအဝင် လူ့အခွင့်အရေးဆိုင်ရာနေ့တွေမှာ သပိတ်လှုပ်ရှားမှုတွေကို အဓိက လုပ်ဖြစ်တယ်လို့လည်း သိရပါတယ်။
