ညောင်ဦး၊ ဇန်နဝါရီ ၁၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက နပ္ပလင်၊ လက်ဝဲနဲ့ ဇီးစမြင်ကျေးရွာတွေကို စစ်ကော်မရှင် စစ်ကြောင်းတွေက မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၀၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ Black Eagle PDF (Bagan) ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်မနက် ၆ နာရီကျော်မှာ ညောင်ဦးဘက်ကလာတဲ့ အင်အား ၁၆၀ ပါ စစ်ကြောင်းဟာ လက်ဝဲကျေးရွာကို ဝင်ရောက်လာပြီးနောက် ကျေးရွာထဲက နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“လက်ဝဲကို အလုံးအရင်းနဲ့ဝင်လာတယ်။ ရွာထဲကပစ္စည်းတွေကို ကားနဲ့တိုက်(သယ်)တယ်။ ရွာထဲက ကားတွေနဲ့ ကားတွေချောဆွဲ ပစ္စည်းတွေတိုက်(သယ်)ပြီး မီးရှို့တယ်။ ရွာကလူတွေက မီးငြှိမ်းဖို့ဝင်တော့လည်း အဝင်မခံဘူး။ အဲဒါပြီးတော့ သဲပြင်တောရွာဘက် တက်သွားတယ်။”လို့ Black Eagle PDF (Bagan) တာဝန်ရှိသူက ပြောပါတယ်။

လက်ဝဲရွာကို စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့နေချိန် နောက်ထပ်အင်အား ၇၀ ခန့်ပါတဲ့ စစ်ကြောင်း ၁ ကြောင်းက မနက် ၉ နာရီလောက်မှာ နပ္ပလင်ကျေးရွာကို ဝင်ရောက်မီးထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ၇ လုံး မီးလောင်ပျက်စီးပြီး ရွာအဝင်အဝတွေမှာ မိုင်းထောင်ကာ ညောင်ဦးဘက်ကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ဝဲရွာကိုမီးရှို့တဲ့စစ်ကြောင်းထဲက ၂ ဖွဲ့ခွဲပြီး ၁ ဖွဲ့က သဲပြင်တောကျေးရွာမှာညအိပ်ခဲ့သလို နောက် ၁ ဖွဲ့က ကံကြီးကုန်းကျေးရွာမှာ ညအိပ်ခဲ့တယ်လို့ သိရပါတယ်။
ကံကြီးကုန်းကျေးရွာမှာ ညအိပ်ရပ်နားခဲ့တဲ့စစ်ကြောင်းက ဇန်နဝါရီ ၁၇ ရက် ဒီမနက် ၇ နာရီလောက်မှာ ဇီးစမြင်ကျေးရွာကိုဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

အလားတူ ဒီနေ့လယ် ၁ နာရီခန့်မှာလည်း ဇီးစမြင်ကျေးရွာကို မီးရှို့တဲ့စစ်ကြောင်းနဲ့သဲပြင်တောက စစ်ကြောင်းဟာ ယာတောကြီးကျေးရွာမှာ ပေါင်းပြီးတပ်စွဲကာနေထိုင်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင် မီးရှို့ခဲ့တဲ့ ကျေးရွာတွေဟာ ၁ ရွာနဲ့ ၁ ရွာ ၁ မိုင်ဝန်းကျင်၊ ၁ မိုင်ကျော်ခန့်သာ ဝေးတဲ့ရွာတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကြောင်းဝင်မီးရှို့နေလို့ ဇီးစမြင်၊ ယာကြီးတော၊ လက်ဝဲ၊ နပ္ပလင်၊ မကျည်းတန်း၊ အနောက်အုံ၊ သဲပြင်တော၊ ပွဲတိုင်း၊ သချင်းကန်၊ ကံကြီးကုန်းကျေးရွာတွေက လူဦးရေ ၅,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၄ ရက်ကနေ ၆ ရက်အတွင်း စစ်ကော်မရှင်စစ်ကြောင်းဟာ ဇီးစမြင်၊ မီးလောင်ဖျား၊ စကားကျေးရွာတွေက နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း









