◼ တိုက်ပွဲတွင်းသေဆုံးသူများနိုင်ပြီး စစ်ကြောင်းကစဥ့်ကလျားဖြစ်ကာ တပ်ပြန်ဆုတ်သွားဟု ဆို
ခင်ဦး၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာကထွက်လာတဲ့ စစ်ကော်မရှင်နဲ့ပျူစောထီးပူးပေါင်း စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေးသိမ်းဆည်းနိုင်ခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ကန့်ဘလူမှ နည်းဗျူးဟာ ၃၃၂၊ ခမရ ၁၁၁ နဲ့ ပျူစောထီးအင်အား ၁၈၀ ခန့်ဟာ မုံလှရွာမှာ ၄ ရက်ကြာအထိုင်ချနေထိုင်ပြီးနောက် နိုဝင်ဘာ ၂၃ ရက်မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ပျဥ်ထောင်ရွာကို ထွက်ခွာလာချိန် ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံလှရွာဘက်မှာ စစ်ကော်မရှင်တပ်က ၄ ရက်လောက်တပ်စွဲထားပြီးတော့ ပျဉ်ထောင်ရွာကိုအသွား လမ်းခုလပ်တနေရာကနေပြီးတော့ တော်လှန်ရေးအင်အားစုတွေက ပိတ်ဆို့ပြီးတော့ တိုက်ခိုက်ခဲ့တာပါ။ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာဆိုတော့ ၃ နာရီလောက်ကြာခဲ့တယ်၊ အနီးဆုံးကတော့ မီတာ ၅၀ ကနေ မီတာ ၇၀ အတွင်းတိုက်ခိုက်ခဲ့တာ၊ လက်ပစ်ဗုံးနဲ့တောင် ကျနော်တို့က ပစ်ပြီးတော့ တိုက်ပွဲက အနိုင်သိမ်းနိုင်ခဲ့တာ၊” လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်တွေဆီကနေ ငါးကြင်းမှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ MA-1 ၅ လက်နဲ့ ဆက်စပ်ကျည်နဲ့ ပစ္စည်းတွေသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီစစ်ကြောင်းဟာ ပျဉ်ထောင်ရွာကိုလာချင်တာ၊ ၁၄ ရက်တောင်ရှိပြီ၊ မုံလှရွာဆိုတာက ခင်ဦးမြို့နဲ့ ကန့်ဘလူမြို့နယ်စပ်ရဲ့ ပထမဦးဆုံးရွာပါ၊ ပျဉ်ထောင်ရွာက ပျူရွာပါ၊ ၁၄ ရက်အတောအတွင်းမှာ Y12 နဲ့ အထုပ်ပေါင်း ၉၀ နီးပါးလောက်ကို ချသွားသေးတယ်၊ တိုက်ပွဲမဖြစ်ခင်လေးမှာ၊ ကျနော်တို့သိတာတော့ ပျဉ်ထောင်ရွာကို သွားမှာလို့သိထားပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ခင်ဦးမြို့နယ်ပကဖ၊ အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် (၁)(၂)(၃)(၄)(၅)၊ ခင်ဦးမြို့နယ် ပလဖ တို့ကလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကြောင်းကစဥ့်ကလျားဖြစ်ပြီး မုံလှရွာဘက်ကို ပြန်ဆုတ်ခွာသွားပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က သေဆုံးသူ ၅၀ နဲ့ ၈၀ ဦးကြားရှိတယ်လို့ဆိုပေမယ့် ထိခိုက်သေဆုံးသူတွေနဲ့ ပတ်သက်တဲ့အခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
စာတည်း – လင်း






