ပဲခူး၊ ဩဂုတ် ၆၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပဲခူးမြို့၊ သွန်းဘုရားရပ်ကွက်အနီး ပဲခူးမြစ်အတွင်းရေဆင်းကူးရင်း ပျောက်နေတဲ့ ကိုရင် ကို သေဆုံးလျက်ပြန်တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ သွန်းဘုရားရပ်ကွက်၊ သွန်းဘုရားလမ်းရှိ ကြခတ်ဝိုင်း စာသင်တိုက်မှ သက်တော် ၁၃ နှစ်အရွယ် ကိုရင်နန္ဒအပါအဝင် ၆ ပါးဟာ မြစ်အတွင်းရေဆင်းကူးရာမှ ကိုရင်နန္ဒ ဟာ ရေစီးနဲ့အတူ မျောပါပျောက်ဆုံးသွားတယ်လို့ဆိုပါတယ်။


“ကိုရင်လေး ၆ ပါးရေဆင်းကူးတာ။ ကစားရင်းကနေ ၁ ပါးပျောက်သွားတာ။ ပြန်တွေ့ပြီ။ ငါးဖမ်းပိုက်ကွန်ထဲမှာ ပြန်တွေ့တယ်။ မျောသွားတာပေါ့။ “လို့ ဒေသခံတဦးကပြောပါတယ်။

သြဂုတ် ၄ ရက်နေ့လယ်ပိုင်းကစတင်ရှာဖွေခဲ့ကြပြီး ဩဂုတ် ၅ ရက် ညနေ ၅ နာရီခန့်မှာတော့ အထက်စည်တီးကျေးရွာအနီး မြစ်ထဲက ငါးဖမ်းပိုက်ကွန်ထဲမှာ သေဆုံးလျက်ငြိနေတာကို ငါးဖမ်းသမားတွေကတွေ့ပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ကိုရင်တွေရေဆင်းကူးတဲ့နေရာနဲ့ အလောင်းပြန်တွေ့တဲ့နေရာက တမိုင်ကျော်လောက်ကွာဝေးပြီး အလောင်းကိုတော့ ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၆ ရက်ကလည်း ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော် ဘုန်းကြီးကျောင်းအနီးက နေအိမ်မှာ အိပ်ပျော်ရင်းကျန်ခဲ့တဲ့ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ် ရေထဲပြုတ်ကျသေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း