မြင်းခြံ၊ ဇွန် ၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းထိုးပြီးနောက် နေအိမ်တွေမီးရှို့ကာ ဒေသကာကွယ်ရေးအဖွဲ့တခုရဲ့ လက်နက်တွေလည်း သိမ်းဆည်းခံရတယ်လို့ ကျေးရွာပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၄ ရက်မနက် ၇ နာရီခန့်မှာ တလုပ်မြို့ဘက်ကလာတဲ့ အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းဟာ ရွာထဲကို စစ်ကြောင်းထိုးလာချိန် ကျေးရွာကာကွယ်ရေးအဖွဲ့တွေနဲ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် ရွာထဲကို ဝင်ရောက်သွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရပ်ကျေးအဖွဲ့တွေပဲရှိနေတဲ့အချိန်မှာ ဝင်လာတာ။ ပြည်သူထုတ်နိုင်ရုံလောက် ကာပစ်ပေးခဲ့ရတယ်။ ပြည်သူအကုန်ထုတ်နိုင်ခဲ့ပြီး ကျနော်တို့ဆုတ်လိုက်ရတယ်။ “လို့ ကျေးရွာပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်ကြပ်အဆင့်ရှိသူ ၁ ဦးသေဆုံးတယ်လို့ သိရပြီး ပစ်ခတ်မှုအတွင်းကျည်းထိမှန်ပြီး တိမ်းရှောင်နေတဲ့ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်စစ်ကော်မရှင်စစ်ကြောင်းဟာ ရွာထဲကိုရောက်ရှိလာပြီး နေအိမ်တွေက တန်ဖိုးရှိ ပစ္စည်းတွေယူကာ ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးရဲ့ နေအိမ် ၂ လုံးနဲ့ပြည်သူနေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အထက်ပါကျေးရွာပကဖ တာဝန်ရှိသူကပြောပါတယ်။
ဒါ့အပြင် ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ နေအိမ်အနီး ဝှက်ထားတဲ့ လက်လုပ်သေနတ် ၁၆ လက်၊ ဒရုန်းတွေနဲ့ဒရုန်းဗုံးသီးတွေအပါအဝင် ဆက်စပ်ပစ္စည်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် ဆုံးရှုံးသွားတယ်လို့လည်း ဆိုပါတယ်။
စစ်ကော်မရှင်အဖွဲ့တွေဟာ အဲ့ဒီနေ့ညပိုင်းမှာ တလုပ်မြို့ဘက်ကို ပြန်လည်ထွက်ခွာသွားပြီးနောက် ဇွန် ၅ ရက် ဒီမနက်ပိုင်းမှာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဧပြီလ ၂၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ကာ ဒရုန်းနဲ့ဗုံးကြဲ ပစ်ခတ်မှုတွေအတွင်း PDF တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်း သေဆုံးတယ်လို့ သိရပါတယ်။
စာတည်း – လင်း

