ရွှေဘို၊ ဧပြီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆောင်နန်းကျေးရွာအနီး လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၂၁ ရက်ည ၁၁ နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာ ၂ စီးကကျေးရွာအနီးတောစပ်ကို ဗုံး ၃ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
“ရွာသူရွာသားတွေ ဆိတ်မွေး၊ နွားမွေးလုပ်နေတဲ့တောတိုက်ကိုမှ ဘယ်သူကဘယ်လိုသတင်းပေးလို့ ကြဲမှန်းမသိဘူး။ တဲပေါ်မီးလောင်ဗုံးကျလို့ မိန်းမက မီးဖုတ်ပြီးသားဖြစ်သွားတယ်။ တလုံးက ဆိတ်ခြံထဲကျတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မဲစိန်ဆိုသူ နေရာတင်သေဆုံးပြီး မိသားစုဝင်တွေဖြစ်တဲ့ အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် တဲ ၁ လုံးမီးလောင်ပျက်စီးပြီး ဆိတ် ၁၄ ကောင်နဲ့နွား ၃ ကောင်လည်းသေဆုံးသွားတယ်လို့ သိရပါတယ်။
ဧပြီ ၆ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာအနီးတောစပ်ကို ဗုံးကြဲခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၂ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း



