မြင်းမူ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် နမခ ကထွက်လာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို မြင်းမူမြို့နယ်၊ အလ္လာကပ္ပရွာထိပ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဆားလင်ကြီးမြို့နယ် ဝမ်ပေါင်ကြေးနီကုမ္မဏီကနေ ကြေးနီတွေတင်လာတဲ့ ကားဟာ နမခကို ရောက်ပြီး အဲ့ဒီကတဆင့်ထွက်လာတဲ့ ရှေ့ပြေးကား ၁ စီးအပါ စုစုပေါင်းကားအစီးရေ ၂၀ လောက်ပါ ယာဥ်တန်းကို ဒီဇင်ဘာ ၂၀ ရက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“၃ စီးမြောက်နဲ့ ၇ စီးမြောက်ကို ၂ ပွိုင့်မှာ ပဒေသာမိုင်း ၇ လုံးဆွဲ တိုက်ခိုက်ခဲ့တာမှာ သေဆုံးမှုကိုတော့မသိရဘူး၊ ထိခိုက်မှုတော့ရှိတယ်၊ ကြေးနီကားတွေကို လုံခြုံရေးပေးတဲ့ ရှေ့ပြေးကား ၁ စီးနဲ့ ကြေးနီကား တွေကို မိုင်းဆွဲနိုင်ခဲ့တယ်”လို့ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တိုက်ဂါး က ပြောပါတယ်။
အဲ့ဒီကားတွေဟာ မန္တလေးကတဆင့် တရုတ်ပြည်ကိုပို့ဖို့ဖြစ်နိုင်ပြီး မိုင်းဆွဲခံရပြီးနောက် မန္တလေးကို ဆက်သွားကြတယ်လို့ ဆိုပါတယ်။
“ဝမ်ပေါင်ကုမဏီကနေသယ်လာတာ၊ နမခ ကို ၁ ရက်လောက်ကြိုရောက်တာ၊ ဝမ်ပေါင်ကနေ နမခ ထဲကို ၁ ညအိပ်ပြီး မန္တလေးဘက်ကို တက်လာတာ၊ မန္တလေးကနေ တရုတ်ပြည်ပို့ဖို့ပါ၊ ကားတွေ မုံရွာလောက်ရောက်ရင်တော့ ကြိုသိရတယ်၊ မနေ့က တခါထဲ မန္တလေးရောက်သွားပြီ” လို့ သူက ဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မြင်းမူမြို့နယ်ပကဖ၊ အလ္လကပ္ပ တိုက်နယ် ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။










