ပျဥ်းမနား၊ ဇွန် ၁၂၊ ၂၀၂၆ ။
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ ငလိုက်ဆည်ရေလက်တံမြောင်းအတွင်း ရေဆင်းကူးတဲ့ ရဲတပ်သား ၁ ဦး ရေနစ်သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
သေဆုံးသူဟာ ပျဥ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အသက် ၃၀ ကျော်အရွယ် ရဲတပ်သား ဆက်ပိုင်စိုးဆိုသူဖြစ်ပြီး ဇွန် ၁၁ ရက် ယမန်နေ့ ညနေ ၄ နာရီခန့်မှာ အဖော်ဖြစ်သူ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အထက်ပါ ရေမြောင်းအတွင်း ဆင်းကူးရာက ရေနစ်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ဆယ်ယူလို့ရတာက ည ၈ နာရီလောက်မှ ဆယ်လို့ရတယ်။ ရေကူးနေရင်း ပြွန်လုံးထဲကိုဝင်သွားတာ။ ရေတွေစုပ်ထုတ်ပြီးမှ အလောင်းကို ထုတ်ယူနိုင်ခဲ့တာ”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ရေနစ်သေဆုံးသွားတဲ့ ရဲတပ်သားအလောင်းကို ပျဥ်းမနားမီးသတ်အပါအဝင် အနီးအနားနေ ပြည်သူတွေကပါ ဝိုင်းဝန်းကူညီ ဆယ်ယူပေးခဲ့ရပြီးနောက် ပျဥ်းမနားမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင်အနီး ပေါင်းလောင်းမြစ်ထဲ ရေဆင်းချိုးတဲ့ ပေါင်းလောင်း လျှပ်စစ်ဓာတ်အားစက်ရုံဝန်ထမ်း အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
သတင်း – ကျော်ကြီး






