ရေတာရှည်၊ အောက်တိုဘာ ၁၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မှန်စီရွာ တောင်ဘက်ထိပ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ ကားကြီးသမားတွေကိုပစ်မှတ်ထား လုယက်နေသူတွေထဲက ၁ ဦးကိုဖမ်းမိခဲ့တယ်လို့ ကူညီဖမ်းဆီးပေးခဲ့သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၁ ရက်မနက် ၃ နာရီမှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းလာတဲ့ ဆီဘောက်ဆာကား ၁ စီးက ယာဥ်မောင်းယာဥ်နောက်လိုက် ၂ ဦးဟာ ဆွာတိုးဂိတ်အနီးမှာ ကားရပ်ပြီး နားနေစဥ် ဆိုင်ကယ်နဲ့လာသူအမျိုးသား ၂ ဦးက ဓားထောက်လုယက်ခဲ့တယ်လို့ ဆိုပါတယ်။
“လုခံရပြီး ကားသမားတွေက လိုက်လာပြီး မြို့ထဲရောက်ခါမှာ ကားနဲ့လိုက်လို့မရတော့ ဆင်းပြီး အော်တာ။ ရပ်ကွက်က ဝိုင်းဖမ်းလို့တယောက်မိတာ။ ကားသမားတွေက ဆီချပြီး ပြန်လာတာ လမ်းဘေးရပ်ချိန်မှာ ဓားထောက်လုခံရတာ။” လို့ ကူညီဖမ်းဆီးပေးခဲ့သူတဦးကပြောပါတယ်။
ကားသမားတွေဆီက လုယက်သွားသူတွေက ဆိုင်ကယ်နဲ့မောင်းပြေးချိန် ကားနဲ့လိုက်လာပြီးဖမ်းဆီးရာ ဆွာ အမှတ် ၂ ကျောင်းရှေ့အရောက်မှာ လုယက်သူတွေမောင်းလာတဲ့ ဆိုင်ကယ်မှောက်သွားတဲ့အတွက် ၁ ဦးကိုတော့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လမ်းပိုင်းမှာကားကြီးသမားတွေကို ပစ်မှတ်ထားလုယက်မှုတွေမကြာခဏဖြစ်နေပေမယ့် တိုင်ကြားတာမျိုးမရှိတာကြောင့် ဖမ်းဆီးရမိတာမျိုးလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။
လုယက်ခံရလို့ ကားသမားတွေဆီက ဖုန်း ၃ လုံးနဲ့ ငွေသား ၃ သိန်းကျော်ပါသွားပြီး ငွေသား တဝက်ကိုတော့ ဖမ်းမိခဲ့သူဆီက ပြန်ရခဲ့တယ်လို့ သိရပါတယ်။
ဖမ်းမိခဲ့တဲ့အသက် ၃၀ ကျော်အရွယ်အမျိုးသားဟာ လယ်ဝေးဘက်ကဖြစ်နိုင်ပြီး ဖမ်းဆီးပြီးနောက် ဆွာရဲစခန်းကို ပို့ဆောင်ကာ ရဲဘက်ကစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
စာတည်း – လင်း






