အစ္စလာမ်ဘာသာဝင် ၂၀၀ နီးပါးသေဆုံးခဲ့တဲ့ဘုံးအိုးရွာ အကူအညီလိုအပ်

0 10
0 10

အမရပူရ၊ ဧပြီ ၁၊ ၂၀၂၅။

ငလျင်ဒဏ်ကြောင့် အစ္စလာမ်ဘာသာဝင် ၂၀၀ နီးပါးသေဆုံးခဲ့တဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ အကူအညီတွေလိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေဆီက သိရပါတယ်။

မတ် ၃၁ ရက်ထိ ငလျင်ငယ်တွေဆက်တိုက်လှုပ်ခတ်နေတဲ့အတွက် ဧပြီ ၁ ရက်ဒီနေ့အထိ ဒေသခံတွေဟာ ကျေးရွာဘောလုံးကွင်းနဲ့ လယ်ကွင်းတွေထဲမှာနေထိုင်နေကြရပြီး ရေသန့်နဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ကယ်ဆယ်ရေးစခန်းဆိုတာကလည်း ကျေးရွာဘောလုံးကွင်းနဲ့လယ်တွေထဲမှာနေတာ။ ယနေ့ထိ ကယ်ဆယ်ရေးကတော့ ဌာနဆိုင်ရာဘက်က လာတာမရှိသေးဘူး။ မိတ်ဖက်ပရဟိတတွေလောက်တော့ လာတာရှိတယ်”လို့ ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ရွာခံတဦးကပြောပါတယ်။

ကျေးရွာအတွင်းအပျက်အစီးတွေကို ရွာခံတွေက စက်ယန္တရားတွေဌားရမ်းကာ ကိုယ်ထူကိုယ်ထရှင်းလင်းနေပြီး အပြီးတိုင်မရှင်းလင်းနိုင်သေးတာကြောင့် ကယ်ဆယ်ရေးတွေလည်း လိုအပ်နေသေးတာလို့ ဆိုပါတယ်။

မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ဘုံးအိုးကျေးရွာထဲက ယက္ကန်းတော်ဗလီ၊ သံပုရာခြံ အလယ်ဗလီ၊ ဘုံးအိုး အလယ်ဗလီ ၃ လုံးပြိုကျခဲ့ပြီး ဗလီပြိုကျချိန်ဝတ်ပြုဖို့ရောက်နေတဲ့သူတွေနဲ့ လာရောက်ကယ်ဆယ်ရေးလုပ်ပေးသူတွေသေဆုံးခဲ့ပါတယ်။

မတ် ၃၁ ရက်အထိ ကျေးရွာအစ္စလာမ်အဖွဲ့အစည်းတွေကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူ ၁၈၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အိမ်ခြေ ၃,၀၀၀ ကျော်နဲ့ လူဦးရေ ၁ သောင်းကျော်ရှိတဲ့ ဘုံးအိုးကျေးရွာဟာ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ရွာထဲမှာရှိတဲ့ဗလီ ၅ လုံးထဲက အထက်ပါဗလီ ၃ ခုကတော့ အားလုံးပြိုကျပျက်စီးပြီး ၂ လုံးကတော့ ထိခိုက်ပျက်စီးမှုနည်းကာ အာရဗီတက္ကသိုလ် ၁ ခု၊ နေအိမ် ၂၀၀ ကျော်ပျက်စီးခဲ့တယ်လို့ ကျေးရွာဒေသခံက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ အမရပူရဆေးရုံနဲ့ မန္တလေးဆေးရုံမှာကုသခွင့်မရလို့ ပြင်ဦးလွင် စစ်ဆေးရုံမှာ ဆေးကုသနေပြီး သေဆုံးသူတွေကိုတော့ကျေးရွာမှာ သင်္ဂြုဟ်ထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။