မြန်မာဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ့် ONE Friday Fights 84 (အားကစားသတင်း)

0 3
0 3

မြေလတ်အသံ၊ အောက်တိုဘာ ၂၅၊ ၂၀၂၄။

အောက်တိုဘာ ၂၅ ရက်၊ ဒီနေ့ညပိုင်းမှာကျင်းပသွားမယ့် One Friday Fights 84 မှာ မြန်မာဖိုက်တာတွေဖြစ်တဲ့ “အဲမွီ”နဲ့ “ဆွန်ရက်”တို့ ပါဝင်ထိုးသတ်သွားကြမှာပါ။ 

အဲမွီဟာ One Friday Fights မှာ ဒုတိယမြောက်ပွဲကိုကစားမှာဖြစ်ပြီး သူ့ရဲပြိုင်ဘက်ကတော့ ဂမ်ဘီယာနဲ့ဆွစ်ဇာလန်နိုင်ငံနှစ်ခုကို ကိုယ်စားပြုကစားတဲ့ အိုမာကင်တပ်ဖြစ်ကာ ဖလိုင်းဝိတ်တန်းမှာ ထိုးသတ်သွားကြမှာပါ။ 

အဲမွီနဲ့အိုမာတို့ဟာ ပထမပွဲတွေမှာ ပြိုင်ဘက်တွေကိုအနိုင်ရပြီး ဘောနပ်စ်တွေရယူထားကြသူတွေ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားတွေဖြစ်ပြီး အိုမာကတော့ အရပ်အနည်းငယ်ပိုရှည်ကာ လက်တံထိရောက်မှုမှာတော့ အဲမွီကပိုသာတာကို တွေ့ရပါတယ်။ 

အိုမာဟာ ဘယ်ညာလက်သီးတွဲလုံးတွေကောင်းမွန်တဲ့ဖိုက်တာတယောက်ဖြစ်ပြီး နောက်မဆုတ်တမ်း ထိုးသတ်တတ်သူဖြစ်ပါတယ်။ ခြေကန်ချက်အသုံးပြုမှုနည်းပြီး မွေထိုင်းနည်းစနစ်ကြေညက်ပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ ခန္ဓာကိုယ်အောက်ပိုင်း အကာအကွယ်လွတ်နေတတ်တာ ဖြစ်ပါတယ်။ 

အဲမွီကတော့ ဘယ်ခြေအနိမ့်ကန်ချက် ညာထောက်လက်သီးတို့နဲ့ ပြိုင်ဘက်ကိုဖိအားပေးတတ်ကာ ရုတ်တရက်ထုတ်သုံးတဲ့ ဘယ်ဝိုက်လက်သီးက အားပါပြင်းထန်တာကိုတွေ့ရပြီး ပြိုင်ဘက်ကို တိုက်စစ်ဆင်ထိုးသတ်ရတာကို အားသန်သူဖြစ်ပါတယ်။ 

ဒီပွဲဟာ တိုက်စစ်ကစားသမားနှစ်ယောက်တွေ့တဲ့ပွဲဖြစ်တာကြောင့် ကြည့်ကောင်းမယ့်ပွဲတပွဲဖြစ်မှာ သေချာပြီး ဘယ်သူက ဘယ်သူ့ရဲ့အားနည်ချက်ကိုအသုံးချပြီးအနိုင်ရသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ 

ဒီနေ့ညမှာထိုးသတ်သွားမယ့် နောက်ထပ်မြန်မာဖိုက်တာ အသက် ၂၇ နှစ်အရွယ် ဆွန်ရက်ကတော့ ထိုင်းနိုင်ငံမှာနေထိုင်ပြီး One Friday Fights ပွဲတွေတော်တော်များများထိုးသတ်ဖူးကာ ၄ ပွဲဆက်တိုက်ရှုံးပြီးမှ နိုင်ပွဲ ၂ ပွဲဆက်တိုက်ရယူကာ ဘောနပ်စ်တွေလည်းရရှိထားသူဖြစ်ပါတယ်။

ဆွန်ရက်ဟာ ဘယ်ခြေအနိမ့်ကန်ချက်အားပါပြင်းထန်ပြီး ဘယ်ထောက်လက်သီးနဲ့ အနီးကပ်တံတောင်ရိုက်ချက်တွေကို ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ လက်သီးတွဲလုံးတွေနဲ့ ခြေကန်ချက်တွေ အနည်းငယ် အထွက်လေးတာ ဖြစ်ပါတယ်။

သူ့ရဲ့ပြိုင်ဘက်ကတော့ အသက် ၂၃ နှစ်အရွယ် ဂျပန်နိုင်ငံသား ယူကီကာဆာဟာရာဖြစ်ပြီး ဆွန်ရက်ထက် အရပ်အမောင်းနဲ့ လက်တံထိရောက်မှု အားသာပါတယ်။ ဘယ်ခြေအနိမ့်ကန်ချက်ရော အမြင့်ကန်ချက်ပါ ထုတ်သုံးနိုင်ပြီး တိုက်စစ်ဆင်ကစားတတ်တဲ့ဖိုက်တာဖြစ်ကာ ဆွန်ရက်ထက် အနည်းငယ်ပိုသွက်တာကိုလည်း တွေ့ရပါတယ်။ 

အဲမွီနဲ့ ဆွန်ရက်တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် ONE Friday Fights 84 ပွဲစဉ်တွေကို အောက်တိုဘာ ၂၅ ရက်၊ သောကြာနေ့ ဒီနေ့ ညနေ ၇ နာရီအချိန်မှာ ကျင်းပသွားမှာဖြစ်ပြီး One Championship ရဲ့ Facebook Page နဲ့ Youtube Channel တို့မှာ ကြည့်ရှုနိုင်မှာပါ။ 

Photo – One Lumpinee FC

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။