ရလဒ်တွေဆိုးရွာနေတာကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟဂ်ထုတ်ပယ်ခံရ (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ အောက်တိုဘာ ၂၈၊ ၂၀၂၄။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ရလဒ်တွေဆိုးရွားလာတာကြောင့် သူတို့အသင်းရဲ့နည်းပြဖြစ်သူ ဟော်လန်နိုင်ငံသား အဲရစ်တန်ဟဂ်ကို အသင်းမှထုတ်ပယ်လိုက်ပြီလို့ သိရပါတယ်။ 

အခုနှစ်ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ တန်ဟဂ်အတွက် အူဂါတေ၊ မာဇာအိုရူအီ၊ ဒီလစ်၊ ရိုဟို၊ ဇက်ဇီ စတဲ့ကစားသမားအသစ်တွေကို ဖြည့်တင်းပေးခဲ့ပေမယ့် ရလဒ်တွေဆိုးရွားနေပြီး ပရီးမီးယားလေး ၉ ပွဲမှာ ၄ ပွဲအထိရှုံးနိမ့်ထားရသလို ယူရိုပါလိဂ်မှာလည်း ၃ ပွဲဆက် သရေကျခဲ့ပါတယ်။ 

အောက်တိုဘာ ၂၇ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၉ မှာ ဝက်စ်ဟမ်းအသင်းကိုရှုံးနိမ့်ပြီးချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်ဟဂ်နဲ့လမ်းခွဲလိုက်ပြီး မန်ချက်စတာရဲ့ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်းကို ယာယီနည်းပြအဖြစ်ခန့်အပ်လိုက်ပါတယ်။ 

တန်ဟဂ်ဟာ ၂၀၂၂ ခုနှစ် ဧပြီလမှာ မန်ချက်စတာယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့ပြီး အဲ့ဒီနှစ်မှာပဲ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့တတိယနေရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ကာ အက်(ဖ်)အေဖလားပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ရပါတယ်။ 

အဲ့ဒီနှစ်မှာတော့ တန်ဟဂ်ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိတက်ရောက်ခဲ့ကာ နယူးကာဆယ်ကိုအနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ 

၂၀၂၃ – ၂၄ ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ရောက်ယှဉ်ပြိုင်ရာမှာတော့ အသင်းရဲ့အဆိုးရွာဆုံးရလဒ်အဖြစ် အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်၊ ကိုဗင်ဟေဂင်၊ ဂါလာတာစာရေးတို့ကို မကျော်ဖြတ်နိုင်ဘဲ အုပ်စုနောက်ဆုံးအဆင့်နဲ့ ဥရောပဘောလုံးပွဲတွေကနေ နှုတ်ဆက်ခဲ့ရပါတယ်။ 

ပရီးမီးယားလိဂ်မှာလည်း ၂၀၂၃ – ၂၄ ရာသီအတွက် အမှတ်ပေါင်း ၆၀ သာရရှိခဲ့ပြီး အဆင့် ၈ နေရာနဲ့ ဇာတ်သိမ်းခဲ့သလို ဒီရလဒ်ဟာ ဒီရလဒ်ဟာ တန်ဟဂ်ရဲ့ အဆိုးရွားဆုံးရလဒ်တွေထဲက ရလဒ်တခုလည်း ဖြစ်ခဲ့ပါတယ်။

၂၀၂၃ – ၂၄ ဘောလုံးရာသီမှာ တန်ဟဂ်တယောက် ပရိသတ်တွေကို ဖြေသိမ့်ပေးနိုင်တာတခုကတော့ အက်(ဖ်)ဖေဖလားဗိုလ်လုပွဲကိုတက်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးအသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ဥရောပဘောလုံးရပ်ဝန်းကို ခြေချခွင့်ရပြီး ယူရိုပါလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။  

လက်ရှိအချိန်မှာ နည်းပြလက်မဲ့ဖြစ်သွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နာဂယ်စမန်း၊ ဇာဗီ၊ သောမတ်စ်ဖရန့်စတဲ့နည်းပြတွေကို ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။