မန္တလေး၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကနေ လူငယ် ၆ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဝမ်းတွင်းမြို့ လေးမျက်နှာကျေးရွာနေ အသက် ၂၀ ကျော်အရွယ် သူထူးစံနဲ့ တဲစုကျေးရွာက လူငယ် ၁ ဦးတို့ဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခန့်မှာ ၎င်းတို့ ၂ ဦးဟာ ဝမ်းတွင်းမြို့ဘက်ကနေ မိတ္ထီလာဘက်ကို ဆိုင်ကယ်မောင်းနှင်လာစဥ် ပင်းတလဲ-မိတ္တီလာလမ်းပေါ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
အလားတူ ဇန်နဝါရီ ၁၁ ရက် ည ၇ နာရီခန့်မှာ ကား ၁ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်အင်အား ၅ ဦးဟာ ခင်ကြီးကျေးရွာကိုရောက်ရှိလာပြီး ကျေးရွာတွင်းအရက်ဆိုင်မှာ အရက်ထိုင်သောက်နေတဲ့ အသက် ၂၀ ကျော်လူငယ်တွေဖြစ်တဲ့ အောင်ကျော်ကျော်၊ ဝင်းမင်းထွန်း၊ နိုးတူး၊ ငမျိုးတို့ ၄ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
“(ဆိုင်ကယ်နဲ့) ဘိလပ်မြေသွားပို့တဲ့ ကောင်လေးတွေက (ပင်းတလဲ-မိတ္ထီလာ) လမ်းပိုင်းပေါ် မှာ ဖမ်းခံရတာ။ အရက်ဆိုင်ကိုဝင်ဆွဲတာ အကုန်ထွက်ပြေးကြတာ။ စစ်ကားလာလို့ ကျန်ခဲ့တဲ့ကောင်တွေထဲက အုပ်ကြီးမကြည်တာတွေအဖမ်းခံရတာ။ အုပ်ကြီးကြည်တဲ့သူတွေလွတ်တယ် အဲ့သဘော။ သူတို့တွေက စစ်မှုထမ်းဖို့ဖမ်းခံရတာ။”လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ ပျော်ဘွယ်ဘက်က စစ်ကောင်စီတပ်ရင်းတွေကို ပို့ဆောင်လိုက်ကြောင်း သိရပြီး ဘယ်တပ်ရင်း/တပ်ဖွဲ့တွေဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ရေဆုံးကျေးရွာက ၆ ဦး၊ ကုက္ကိုခါးလှက ၂ ဦး၊ ညောင်ပင်ကုန်းရွာက ၁ ဦး၊ ဒိုင်ကောင်းကုန်းရွာက ၁ ဦး၊ ညောင်ပင်သာဆည်ရွာက ၄ ဦး ထပ်မံ ဖမ်းဆီးသွားတယ်လို့ အထက်ပါဒေသခံက ပြောဆိုပြီး ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဝမ်းတွင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ် အိမ်စီးကားတွေနဲ့ တနေကုန်လှည့်ပတ်သွားလာနေပြီး လူပြတ်တဲ့နေရာတွေမှာ တွေ့ရှိတဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းသွားလာတဲ့လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၇ ရက်ကလည်း သဲတောကျေးရွာအနီး သဲတော-ညောင်ပင်သာဆည်ရွာတံတားအနီးမှာ ခင်ကြီးကျေးရွာနဲ့ဆူးပန်းကျေးရွာက လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီးနောက် ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ