ပွင့်ဖြူ၊ ဇန်နဝါရီ ၃၊ ၂၀၂၆။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ်တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက်မနက် ၄ နာရီခန့်မှာ ကျေးရွာဘုန်းကြီးကျောင်းထဲ နေထိုင်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် ပြားဦး (ခ) မင်းခိုင်ဦးနဲ့အဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့က ဘုန်းကြီးကျောင်းထဲမှာ စုနေနေတာကိုသိလို့ သူတို့နေတဲ့အခန်းထဲထိ ဝင်ပစ်ခဲ့တယ်။ ထိခိုက်တဲ့ ပျူတယောက်ကတော့ ကျည်မှန်ပြီးကာမှ ပုဆိုးစလွယ်သိုင်းထွက်ပြေးသွားတယ်။”လို့ ပွင့်ဖြူမြို့နယ် တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်ခံရလို့အုပ်ချုပ်ရေးမှူး ပြားဦး (ခ) မင်းခိုင်ဦး၊ အုပ်ချုပ်ရေးမှူးလက်ထောက်တွေဖြစ်တဲ့ ပျူစောထီးအောင်အောင်၊ ရင်မင်းထွန်း၊ အောင်မြင့်သူတို့ ၄ ဦးဟာ နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရွာကနေ တိမ်းရှောင်သွားသူတွေကိုလည်း အဆိုပါအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရွာကိုပြန်မလာရင် ငွေကျပ် ၅ သိန်းဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်တာနဲ့ တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ရွာတွေက ပြည်သူတွေကိုလည်း ဖမ်းဆီးငွေညှစ်၊ ဆိုင်ကယ်တွေသိမ်းယူတာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာ လို့ဆိုပါတယ်။
ပစ်ခတ်ပြီးနောက် ပျူစောထီးအဖွဲ့တွေကိုင်ဆောင်တဲ့ ဓားရှည် ၂ လက်၊ သေနတ် ၁ လက်၊ ကျည်ကာ ၁ ထည်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ဘောက် ၂ ခု၊ ဖုန်း ၃ လုံး၊ ကျည်ဆန်အချို့နဲ့ ငွေအချို့ကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီး ပျုစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီး ၆ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း







